ငါးဖမ်းသင်္ဘော သုံးစင်းပေါ် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ခြင်းအတွက် ရှင်းလင်း ချက်ပေးရန် မော်လဒိုက် တောင်းဆို

0
151

ယခုသီတင်းပတ် အစောပိုင်းက သီးသန့်စီးပွားရေးဇုန်အတွင်းရှိနေတဲ့ မော်လဒိုက် ငါးဖမ်းသင်္ဘော သုံးစင်းပေါ်ကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ တက်ရောက်ခဲ့မှုအပေါ် ရှင်းလင်းချက်ပေးဖို့ သမ္မတ Mohamed Muizzu ရဲ့ မော်လဒိုက်အစိုးရက နယူးဒေလီကို တရားဝင် တောင်းဆိုခဲ့ပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က တုန့်ပြန်လာခြင်း မရှိသေးကြောင်း သိရပါတယ်။ မော်လဒိုက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနကတော့ ဒေသတွင်းရေယာဉ်တွေပေါ် တက်ခဲ့တဲ့ ပြည်ပတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယ ကမ်းခြေစောင့်တပ် သင်္ဘောအမှတ် ၂၄၆ နဲ့ ၂၅၃ ပေါ်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အနက်ရောင် ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်တွေ သင်္ဘောပေါ်တက်ရောက်နေခဲ့တာကို မော်လဒိုက်ငါးလုပ်ငန်း သမဂ္ဂက တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ ဗီဒီယိုဖိုင်တွေထဲက တစ်ခုမှာ အိန္ဒိယ ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းကိုလည်း တွေ့ရပါတယ်။

ဒေသတွင်း ငါးဖမ်းသင်္ဘောတွေပေါ်ကို ပြည်ပတပ်ဖွဲ့ဝင်တွေ တက်ရောက်လာတယ်ဆိုတဲ့ သတင်းလက်ခံရရှိချိန်မှာ မော်လဒိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကမ်းခြေစောင့်တပ် သင်္ဘောက ချက်ချင်း လမ်းကြောင်းပြောင်းကာ အခင်းဖြစ်နေရာကို သွားရောက်ခဲ့တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မော်လဒိုက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တရုတ်ယိမ်းခေါင်းဆောင် Mohamed Muizzu တက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆုတ်ယုတ်လာမှုကို ဖြစ်စေတဲ့ ထိပ်တိုက်တွေ့မှုတွေထဲမှာ အခုဖြစ်ရပ်က နောက်ဆုံးပေါ်ပေါက်လာတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

Ref: Times of India


LEAVE A REPLY

Please enter your comment!
Please enter your name here