ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သားဟန်ဆောင်ကာ စာရွက်စာတမ်းအတုဖြင့် ရက်ကျော်နေထိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသားတစ်ဦးဖမ်းဆီးခံရ

0
167

ဆူရတ်ဌာနီ၊ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံ၌ ပြည်ဝင်ခွင့်ဗီဇာအား ခွင့်ပြုထားသည့်ကာလထက်ကျော်လွန်နေထိုင်နိုင်ရန်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသဖွယ် စာရွက်စာတမ်းအထောက်အထားအတုများ ပြုလုပ်နေထိုင်နေသည့် အိန္ဒိယနိုင်ငံသားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုအများဆုံးဖြစ်သည့် ကော့စမွီ၊ကော့ပငန်းနှင့်ကော့တောင်ကျွန်းများတွင် ပြည်ဝင်ခွင့်ထက်ကျော်လွန်နေထိုင်နေသည့် နိုင်ငံခြားခရီးသွားများရှိမရှိ စုံစမ်းစစ်ဆေးရန် လူဝင်မှူကြီးကြပ်ရေးဌာနမှ ရဲမှူးကြီး နာရူးဝပ်ဖူသာဝီရိုက အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ယခုလိုစုံစမ်းစစ်ဆေးမှုအား ပြည်နယ်အတွင်း၌ အိန္ဒိယနိုင်ငံသားများသည် စာရွက်စာတမ်းအတုများဖြင့် မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအဖြစ် ရက်လွန်နေထိုင်နေကြကြောင်းသတင်းများအရ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ဖော်ပြပါအိမ်နီးချင်းနိုင်ငံသုံးနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအပေါ် ထိုင်းနိုင်ငံဘက်မှ ၂၀၂၃ ခုနှစ်ကစ၍ စည်းမျဉ်းများဖြေလျှော့မှုများပြုလုပ်ပေးသည့်အတွက် အဆိုပါအချက်အပေါ် အခွင့်ကောင်းယူကာ ထိုင်းနိုင်ငံအတွင်းခွင့်ပြုချိန်ထက်ကျော်လွန်နေထိုင် အလုပ်လုပ်ကိုင်ရန်ကြိုးပမ်းလာကြခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ထိုင်းအစိုးရသည် မြန်မာ၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအား ခွင့်ပြုနေထိုင်မှုကာလကိုသက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း၌ တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပြုထားခြင်းလည်းဖြစ်သည်။

ယင်းကြောင့်ပင် ဖမ်းဆီးခံအိန္ဒိယအမျိုးသားသည် ၎င်းက မြန်မာလုပ်သားတစ်ဦးဖြစ်ကြောင်းဆိုကာ စာရွက်စာတမ်းအတုများဖြင့် နေထိုင်ခွင့်သက်တမ်းလာတိုးခြင်းဖြစ်သော်လည်း ဒစ်ဂျစ်တယ်နည်းပညာဖြင့်စစ်ဆေးလိုက်သောအခါ အဆိုပါအမျိုးသားသည် အိန္ဒိယနိုင်ငံသား ဆန်ဂျေးဆင်းဆိုသူတစ်ဦးဖြစ်ကာ ၎င်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၂၀၂၂ ခုနှစ်ဒီဇင်ဘာာ ၆ ရက်အထိ ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ယင်းနောက် ဆက်လက်နေထိုင်အလုပ်လုပ်နိုင်ရန်အတွက် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသဖွယ်ဟန်ဆောင်ကာ သက်တမ်းတိုးလာလျှောက်စဉ် ၎င်းအား ဗီဇာရက်ကျော်နေထိုင်မှုဖြင့် တရားစွဲကာ ရဲအဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here