အောင်မင်္ဂလာ အဝေးပြေးကားကွင်း မီးလောင်မှုဖြစ်ပွားပြီး ကားဂိတ်အချို့ မီးလောင်ပျက်စီးကာ အမျိုးသား (၃) ဦး ‌ေ-သဆုံး

0
275

ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားကွင်းတွင် ယနေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၅)ရက်၊ နံနက် (၅) နာရီဝန်းကျင်က အောင်မင်္ဂလာအဝေးပြေးကွင်း (ပ) ဝင်းရှိ ရွှေလင်းယုန်ကားဂိတ်မှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးနှင့် ဒေသတွင်း အရန်မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့‌ေကြာင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရွှေလင်းယုန် ကားဂိတ်အပါအဝင် ဘေးအနီးပတ်ဝန်းကျင်ရှိ ကားဂိတ်အချို့နှင့် ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ဆုံးရှုံးကာ အမျိုးသား (၃) ဦး မီးလောင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

” ပေ၂၀ အခန်း (၅) ခန်း၊ ၁၀ ပေက (၂) ခန်း ၊ ပေါင်း (၇) ခန်းလောင်ကျွမ်းသွားတယ်။ အပေါ်ထပ်အောက်ထပ်တွေပေါ့။ ဘေးက ဂိတ်တွေ ပါတာပေါ့နော်။ သူနဲ့ကပ်လျက်တွေပေါ့။ စတင်လောင်ကျွမ်းတာကတော့ ရွှေလင်းယုန် ဂိတ်ပေါ့နော်။ လူထိခိုက်တာ ရှိတယ်၊ လူ‌ေ-သဆုံးမှု ရှိတယ် ၊ အမျိုးသား (၃) ဦး ‌ေ-သဆုံးမှုရှိတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပေါ်ပြူလာနယူးစ်သို့ ရှင်းပြသည်။

မီးစတင်လောင်ကျွမ်းမှုမှာ ရွှေလင်းယုန် ကားဂိတ်မှ အဲလ်ကူလာ အပူလွန်ကဲကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မိနစ် (၄၀) ကျော် ကြာအောင်ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here