ခွဲထွက်ဖို့ ကြိုးစားမှုမှန်သမျှ အင်အားသုံး ချေမှုန်းသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြံပေး ပြောဆို

0
215

သူ့ရဲ့ မွေးရပ်မြေ မင်ဒါနာအိုကို နိုင်ငံကနေ ခွဲထွက်သွားမယ်လို့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ခြိမ်းခြောက်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံကို ခွဲထုတ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ယင်းရဲ့ အခွင့်အာဏာနဲ့ အင်အား အသုံးပြုကာ ချေမှုန်းသွားမှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ပြောဆိုလိုက်ပါတယ်။

“သမ္မတနိုင်ငံတော်ကို ဖြိုခွဲဖို့ ကြိုးစားမှုမှန်သမျှကို ချေမှုန်းဖို့ရာ အမျိုးသားအစိုးရအနေနဲ့ သူ့ရဲ့ အခွင့်အာဏာနဲ့ အင်အားကို အသုံးပြုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” လို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာရဲ့အစိုးရရဲ့ လုံခြုံရေးအရာရှိဖြစ်သူ မစ္စတာ အက်ဒွာဒို အန်နိုက ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

သူ့အရိုက်အရာကို ဆက်ခံသူ လက်ရှိသမ္မတအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အစီအစဉ်ကို ဆက်လုပ်နေမယ်ဆိုရင် မင်ဒါနာအိုဒေသ လွတ်လပ်ရေးရယူဖို့ဖြစ်လာလိမ့်မယ်လို့ သမ္မတဟောင်းက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးခဲ့အပြီး ထွက်ပေါ်လာတဲ့ ၎င်းရဲ့ မှတ်ချက်တွေထဲမှာ မစ္စတာ ဒူတာတေးရဲ့ အမည်ကိုတော့ ထည့်သွင်းပြောဆိုထားခြင်း မရှိပါဘူး။

စီးပွားရေးမြှင့်တင်ဖို့အတွက် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေပါ စီးပွားရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ပြန်လည်ပြင်ဆင်ရေး ကြိုးပမ်းချက်တွေအပေါ် မစ္စတာမားကို့စ်က ထောက်ခံထားသော်လည်း အသက် ၇၈ နှစ်အရွယ် ခေါင်းဆောင်ဟောင်းကတော့ သူ့ရဲ့ အာဏာခိုင်မြဲရေးအတွက် ပဋိဉာဉ်ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီလို သဘောထားကွဲလွဲချက်တွေဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ သြဇာကြီး နိုင်ငံရေး မိသားစုနှစ်ခုအကြား မဟာမိတ်ဖွဲ့မှုမှာ အက်ကြောင်းနက်ရှိုင်းလာခြင်းကို မီးမောင်းထိုးပြနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်တွင်း ရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးအတွင်း မစ္စတာ မားကို့စ်က နိုင်ငံရဲ့ တင်းကျပ်တဲ့ စီးပွားရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ နိုင်ငံရေးသမားတွေရဲ့ သက်တမ်းကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ အပြောင်းအလဲအတွက် တံခါးဖွင့်ခဲ့ပါတယ်။

မစ္စတာ မားကို့စ်အနေနဲ့ ဒီကိစ္စအတွက် ရှေ့ဆက်တိုးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ကာ ဆယ်စုနှစ် ၂ ခုတိုင် အုပ်ချုပ်သွားခဲ့တဲ့ သူ့အဖေလိုပဲ ဖြုတ်ချခံရလိမ့်မယ်လို့ မစ္စတာ ဒူတာတေးက သတိပေးခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here