ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တောင်ကိုရီးယားနဲ့ ဆော်ဒီ လက်မှတ်ရေးထိုး

0
139

တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး နားလည်မှု စာချွန်လွှာတစ်ခုကို တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုးလ်ရဲ့ ကာကွယ်ရေးဆိုင်ရာ စုဆောင်းသိုမှီးမှု ပရိုဂရမ် စီမံခန့်ခွဲရေးအဖွဲ့ (DAPA) က ပြောဆိုပါတယ်။

အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ထူထောင်ကာ လက်နက်စနစ် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းပြီး ကာကွယ်ရေးကဏ္ဍမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ DAPA က တနင်္လာနေ့(ဖေဖော်ဝါရီ ၅) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သီတင်းတစ်ပတ်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့ကာကွယ်ရေးပြပွဲကို တက်ရောက်ဖို့ မြို့တော် ရီယက်ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်နဲ့ ဆော်ဒီ ကာကွယ်ရေးဝန်ကြီး ခါလစ် ဘင်ဆယ်မန် အယ်ဆွတ်တို့ရဲ့ ရှေ့မှောက်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ DAPA က ဆိုပါတယ်။

တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း သဘောတူညီချက်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကို DAPA ပြောရေးဆိုခွင့်ရှိသူတစ်ဦး အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တောင်ကိုရီးယားနိုင်ငံဟာ အခြား ကမ္ဘာ့လက်နက် တင်ပို့နိုင်ငံတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေပေမယ့်လည်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့ရောင်းချမှုဟာ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၇.၂၅ ဘီလီယံသာရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၁၇ ဘီလီယံအထိ ခုန်တက်သွားခဲ့တယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here