ပုဂံရှိ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေ

0
289

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲသည် ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ထိန်းရာတွင် ယခုအခါ ရွှေထီးကန် (ပုဂံမျှော် ဘုရား၏အရှေ့ဘက်)၊ ဆွေတော်မျိုးတော်ကန်(စူဠာမဏိဘုရားနှင့် ဓမ္မရံကြီး ဘုရားအကြား)နှင့် အမည်မရှိ ရေကန် (အနော်ရထာလမ်းမကြီး၏ တောင်ဘက်၊ မြေဘုံသာ ဘုရားလှ၏ အရှေ့မြောက်ဘက်)တို့တွင် ကန်ဆယ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်ဘောင်အဆင့်မြှင့်တင်ခြင်း၊ ရေခေါ်လမ်းကြောင်းများ ပြန်လည်ဖော်ဆောင်၍ ချိတ်ဆက် ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကို ဇန် နဝါရီလ (၂၄)ရက်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ပုဂံဒေသ၏ ရှေးခေတ်ရေစီမံခန့်ခွဲမှု စနစ်နှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ၂ဝ၁၈ -၂ဝ၁၉ ခုနှစ်များတွင် ကနေဒါနိုင်ငံ၊ Trent University မှ ပညာရှင်များနှင့် တုရင်တောင်အနီး ကတက်ကန် နှင့် နတ်ရေကန်တို့တွင် ရေစီမံခန့်ခွဲမှု တူးဖော်သုတေသနလုပ်ငန်းများကို လည်းကောင်း၊ Hydrology Expert ဖြစ်သည့် Dr. Massimo Sarti နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ၂ဝ၁၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံဒေသသို့ ပထမအကြိမ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၈) ရက်မှမတ်လ (၃) ရက်အထိ၊ ဒုတိယအကြိမ်ကို ဩဂုတ်လ (၁၈) ရက်မှ စက်တင်ဘာလ (၅) ရက်အထိ၊ တတိယအကြိမ်ကို ၂၀၂၃ ခုနှစ်ဇူလိုင်လ (၂၅) ရက်မှ ဩဂုတ်လ (၆) ရက်အထိ  (၃) ကြိမ် တိုင်တိုင် ပူးပေါင်းဆောင်ရွက်ခဲ့‌ကြော င်း သိရသည်။

ပုဂံခေတ်တွင် ရေကိုစီမံအသုံးချရာ၌  ဧရာဝတီမြစ်ရေကို အသုံးပြုခြင်းထက် မိုးရေကို ပိုမို အားထားအသုံးပြုခဲ့မည်ဟု ပညာရှင်များက ယူဆထားပြီး ပုပ္ပါးတောင်ဧရိယာမှ စီးဆင်းလာသော ရေများကို တုရင်တောင်အနီး မြကန်သို့ စီးဝင်၍ လှောင်စေခြင်း၊ ထိုမှတဆင့် နန်းတော်ကျုံး အထိတိုင်အောင် စီးဆင်းလာသော လမ်းကြောင်းတစ်လျှောက်ရှိ ရေ စစ်ကန်များ၊ ရေသွယ်မြောင်းများ၊ ရေပိုလွှဲမြောင်းများ၊ ရေသိုလှောင်ကန်များ၊ ကျေးရွာများရှိ ကန်များ စသည်ဖြင့်  အဆင့်ဆင့် သွယ်ယူစီးဆင်းစေ၍ ပုဂံဒေသဝန်းကျင်ရှိ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာရေးဆိုင်ရာ အသုံး ပြုမှုများအတွက် လိုအပ်သလို သွယ်ယူစီမံ အသုံးပြုခဲ့သည့် အထောက်အထားများစွာ တွေ့ရှိရကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ် ၊ နိုဝင်ဘာလတွင် ယခင်ကောက်ယူခဲ့သော ရေ ကန်များ၊ ရှေးခေတ် ရေလမ်းကြောင်းများ မှတ်တမ်းကို ပြန်လည် တိုက်ဆိုင်စစ်ဆေးသည့်အနေဖြင့် မြေပြင်ကွင်းဆင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကန်များအား အဆင့် သတ်မှတ်ခြင်း (Grading) လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရေလမ်းကြောင်းဆိုင်ရာသုတေသနလုပ်ငန်းမှ အချက် အလက် အထောက်အထားများကို  ကမ္ဘာ့အမွေအနှစ်ကော် မတီသို့ ထမ်မံတင်ပြသွားမည် ဖြစ်‌ကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညော င်ဦးမြို့က ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် အလံပုဂံ(အ လံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညွန်လက်တစ်ဖက် က န်တို့ကို ကန်ဘောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေပိုလွဲတည်ဆောက်ခြင်းလုပ်ငန်း နှင့် ရေခေါ်မြောင်း ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပုဂံဒေသ ရှေးဟောင်းအ ဆောက်အအုံများအနီး ရေဝပ်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို အနည်းငယ်လျော့ကျစေမည်ဖြစ်ပြီး ရေထိန်းသိမ်းနိုင်မှုပမာဏလည်း ယခင်ကထက် ပိုမိုများပြားလာမည် ဖြစ်သ ည့်အပြင် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးအတွက်သာမက တိ ရစ္ဆာန်များ သောက်သုံးရေအတွက်ပါ အကျိုးပြုစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၆)ရက်၌ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေး၏ ဆုံးဖြတ် ချက် (43 COM 8B. 20) ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်ပြီး‌နောက် ပုဂံဒေသ၌ ဆက်လက်ဆောင်ရွက် ပြီး ပြန်လည်တင်ပြရမည့် အကြံပြုချက်(၁၉)ချက်ကို တစ်ပါတည်း အတည်ပြု သတ်မှတ်ပေးထားခဲ့သည့်အတွက် အကြံပြုချက်များအရ မြေပုံရေးဆွဲရေး လုပ်ငန်းများ၊ သတေသနလုပ်ငန်းများ ၊ ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇုန်နယ် နိမိတ်တိုင် စိုက်ထူရေးလုပ်ငန်းများ၊ ရေလမ်းကြောင်း သု တေသနလုပ်ငန်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here