ဖေဖော်ဝါရီ (၁ဝ) ရက်မှစ၍ လားဟူနှစ်သစ်ကူးပွဲတော်ကို (၇) ရက်ကြာ ပြုလုပ်မည်

0
222

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ လားဟူတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင် လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း လားဟူတိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(တာချီလိတ်) ဥက္ကဋ္ဌ ဦးယေရှဲက ပြောပြချက်အရ သိရသည်။

အဆိုပါ လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခုနှစ် ဖေဖော်ဝါရီ (၁ဝ) ရက် (တပို့တွဲလဆန်း (၁) ရက်)မှစတင်ကာ ဖေဖော်ဝါရီ (၁၆) ရက် (တပို့တွဲလဆန်း (၇) ရက်) ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“နှစ်သစ်ကူးပွဲတော်ကို လားဟူ နေထိုင်တဲ့  တိုင်းရင်းသားတွေ ဒေသတွေမှာ တပို့တွဲလဆန်း (၁) ရက်ကနေ ကျင်းပလေ့ရှိပါတယ်။ နှစ်သစ်ကူးကာလမှာ သက်ကြီးဝါကြီးတွေက ချမ်းအေးစေကြောင်း အဓိပ္ပာယ်ဆောင်တဲ့ လက်ဆေးမင်္ဂလာပွဲကိုလဲ ကျင်းပလေ့ရှိပါတယ်။ တာချီလိတ်မှာတော့ လားဟူရွာပေါင်း (၄ဝ) ကျော်ရှိပြီး ရေပူစမ်းကျေးရွာက တော့ လားဟူတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။ ဒီရွာတွေမှာ ရိုးရာအကတွေနဲ့ နှစ်သစ်ကူးပွဲ တော်ကို ကျင်းပမှာဖြစ်ပြီးတော့ ပွဲတော်လာ ဧည့်သည်တွေကိုလဲ ရိုးရာအစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်”ဟု ဦးယေရှဲက ဆိုသည်။

လားဟူတိုင်းရင်းသားများ၏ ပွဲတော်အတွင်း လက်ဆေးမင်္ဂလာပွဲပြုလုပ်ခြင်း၊ ရိုးရာထင်းရှူးပင်စိုက်သရုပ်ပြခြင်း၊ ခေါပုတ်ထောင်းခြင်း၊ ဂျင်ပေါက်ကစားခြင်း၊ အပျို လူပျို လှည့်သည့်ဓလေ့၊ ဘောလုံးပေါက်ကစားခြင်း စသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာကစားပွဲများ၊ ပွဲတော်များကိုပါ ထည့်သွ င်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here