ချီလီတောမီး သေဆုံးသူ ၁၂၂ ဦးအထိ ရှိလာပြီး ရာချီ ပျောက်ဆုံးနေ

0
123

ချီလီနိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ့ သုံးရက်လောက်က စတင်လောင်ကျွမ်းခဲ့တဲ့ ပြင်းထန်တဲ့ တောမီးကြီးကို ငြိမ်းသတ်နိုင်ရေး မီးသတ်သမားတွေ လုံးပန်းနေရကာ တာဝန်ရှိသူတွေက မီးဘေးဒဏ်အဆိုးဝါးဆုံးခံနေရတဲ့ မြို့ကြီးတွေကို ကာဖျူးအမိန့်တိုးချဲ့ထုတ်ပြန်ခဲ့ရကြောင်း သိရပါတယ်။ မီးဘေးကြောင့် လက်ရှိအထိ သေဆုံးသူ ၁၂၂ ဦး ရှိနေကာ ရာနဲ့ချီပြီး ပျောက်ဆုံးလျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

စေတနာ့ဝန်ထမ်းတွေဟာ မီးလောင်ပြင် ရပ်ကွက်တွေရှိ မီးကျွမ်းနေတဲ့ သံချောင်းတွေ၊ မှန်ကွဲတွေနဲ့ အခြားအပျက်အစီးအပိုင်းအစတွေကို တနင်္လာနေ့မှာ ရှင်းလင်းဖယ်ရှားမှုလုပ်ခဲ့ကြပါတယ်။  Vinadel Mar မြို့ဝန်းကျင်ဟာ မီးလောင်ကျွမ်းမှု အပြင်းထန်ဆုံးဖြစ်နေပြီး ယင်းမြို့မှာ ၁၉၃၁ ခုနှစ်က တည်ထောင်ခဲ့တဲ့ နာမည်ကျော် ရုက္ခဗေဒဥယျာဉ်ဟာ မီးတောက်တွေကြောင့် တနင်္ဂနွေနေ့မှာ ပျက်ဆီးသွားခဲ့ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားမြို့နှစ်ခုဖြစ်တဲ့ Quilpe နဲ့ Villa Alemana မြို့တွေဟာလည်း မီးလောင်မှုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ မီးဘေးကြောင့် ဒေသတွင်း နေအိမ် ၃၀၀၀ ထက်မနည်း ပြာကျသွားခဲ့ရပြီလို့ သမ္မတ ဂါဘရီရယ် ဘောရစ္စက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့မွန်းလွဲပိုင်းမှာ နောက်ထပ် သေဆုံးသူ ၁၀ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း သေဆုံးဦးရေ ၁၂၂ ဦးသို့ ရောက်ရှိလာခဲ့တယ်လို့ ချီလီ ဆေးမူခင်းဋ္ဌာန ညွှန်ကြားရေးမှူး မာရီဆိုလ် ပရာဒိုက ပြောဆိုပါတယ်။ ရုပ်အလောင်းတွေဟာ ဆိုးဆိုးဝါးဝါး ပုံပျက်နေခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ မခွဲခြားနိုင်အောင်ဖြစ်နေပေမယ့်လည်း မူခင်းဆေးပညာလုပ်သားတွေက လူပျောက်သတင်းပို့ထားတဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေထံက မျိုးဗီဇနမူနာတွေ ယူဆောင်သွားမှာဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

Vinadel Mar မြို့တော်ဝန် မာကာရီနာ ရီပါမွန်တီက လူဦးရေ ၃ သိန်းခန့်နေထိုင်ရာမြို့မှာ အနည်းဆုံး လူ ၃၇၀ လောက် ပျောက်ဆုံးနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here