မြန်မာအတွက် အကူအညီပေးရေးလုပ်ငန်းစဉ်ကနေ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာမယ်လို့ ယုံကြည်ကြောင်း ထိုင်း ပြောကြား

0
151

ထိုင်းနိုင်ငံဦးဆောင်တဲ့ လူသားချင်းစာနမှုဆိုင်ရာ ပဏာမခြေလှမ်းသစ်ဟာ မြန်မာနိုင်ငံရှိ စစ်မက်ဖြစ်ပွားနေတဲ့ ဘက်အသီးသီးကြား တွေဆုံဆွေးနွေးမှုတွေအတွက် လမ်းခင်းပေးဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ထိုင်းဟာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်အနီး မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ယခုလအနှောင်းပိုင်းအတွင်း လူသာချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခု ထူထောင်ဖို့ စီစဉ်ထားပြီး စစ်ရှောင် ၂၀၀၀၀ ခန့်နဲ့ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတွေထံ အစားအစာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးဖို့မှာဖြစ်တယ်လို့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangtkeow က ပြောဆိုပါတယ်။

ဒီအစီအစဉ်ဟာ မြန်မာစစ်ဘက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရေး မအောင်မမြင်ဖြစ်နေတဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို တိုးတက်စေလိမ့်မယ်လို့ Sihasak က ပြောဆိုပါတယ်။

ပဋိပက္ခကို ထိန်းချုပ်နိုင်ဖို့နဲ့ ဆွေးနွေးမှုလမ်းကြောင်းတွေ ဖြစ်ပေါ်လာရေးဟာ အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေတာကို ကျွန်တော်တို့ ထပ်မမြင်လိုတော့ဘူး” လို့ သူက ဆိုခဲ့ပြီး လုပ်ငန်းစဉ်ဟာ ထိရောက်မှုရှိ၊ ယုံကြည်ရပြီး ပွင့်လင်းမြင့်သာရှိမယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာဘက်က ကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထောက်ခံထားခဲ့တဲ့ အဆိုပါ စီမံချက်အရ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ရဲ့ စောင့်ကြည့်မှုအောက်ကနေ ထိုင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွေက အထောက်အပံ့တွေ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင်မယ့် ယင်းအစီအစဉ်သစ်ဟာ နစက၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG တို့ပါဝင်သော ဆွေးနွေးမှုတွေ ပေါ်ပေါက်လာစေနိုင်တယ်လို့ Sihasak က ပြောဆိုပါတယ်။ ယင်းကဲ့သို့ ဆွေးနွေးမှုတွေမှာ နစကအနေနဲ့ ပါဝင်ဖို့ သဘောတူထားခဲ့သလားဆိုတာကိုတော့ သူက ပြောဆိုခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုကို အနည်းဆုံး ယခုနှစ်လယ်ပိုင်းလောက်မှာ စတင်သင့်တယ်လို့လည်း အသေးစိတ်အချက်အလက်တွေ မဖော်ပြဘဲ သူက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာရဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ် အပါအဝင် နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ သူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

Ref: U.S News


LEAVE A REPLY

Please enter your comment!
Please enter your name here