သုတေသန နျူဓာတ်ပေါင်းဖို အီရန် စတင်တည်ဆောက်

0
162

အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ်တွင် ၁၀ မဂ္ဂါဝပ် အင်အားရှိ သုတေသန နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုကို တနင်္လာနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း အီရန်အခြေစိုက် Mehr သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန် အဏုမြူစွမ်းအင်အဖွဲ့ ဥက္ကဌ Mohammad Eslami သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါစတုတ္ထမြောက် ဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် အုတ်မြစ်ချကွန်ကရစ်လောင်းခြင်း စတင်ခဲ့သည်။

ယင်း သုတေသန ဓာတ်ပေါင်းဖိုတည်ရှိရာ Isfahan သည် “ကမ္ဘာ့ နျုကလီးယား ဓာတ်ပေါင်းဖိုများတည်ရှိရာ ဒေသများထဲမှတစ်ခုဖြစ်ပြီး အောင်မြင်သောစင်တာ” ဟု အီရန် အဏုမြူစွမ်းအင်အဖွဲ့ ဥက္ကဌက ပြောကြားခဲ့သည်။ နိုင်ငံတကာ နျုကလီးယားစွမ်းအင် အေဂျင်စီက အဆိုပါနေရာအား ပညာရေးမြှင့်တင်ရေး ဗဟိုဌာနအဖြစ် သတ်မှတ် အတည်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

Isfahan ရှိ ၁၀ မဂ္ဂါဝပ် အင်အားရှိ သုတေသန ဓာတ်ပေါင်းဖိုအသစ်သည် လောင်စာအဖြစ် ယူရေနီယမ် နှင့် အလူမီနီယမ်အောက်ဆိုဒ်တို့ကို အသုံးပြုမည်ဖြစ်သည်။

Isfahan တွင်ပင် တည်ရှိသော Nuclear Technology-Research Center သည် အီရန်နိုင်ငံ၏ အကြီးဆုံး နျုကလီးယား သိပ္ပံဌာနဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here