ဟောင်ကောင်လေဆိပ် မြေပြင်ဝန်ထမ်းတစ်ဦး လေယာဉ်နဲ့ တိုက်မိပြီး သေဆုံးမှုဖြစ်ပွား

0
272

ဟောင်ကောင်လေဆိပ် မြေပြင်ဝန်ထမ်းတစ်ဦးဟာ အင်္ဂါနေ့(ဖေဖော်ဝါရီ ၆) က ဆွဲလာတဲ့ လေယာဉ်တစ်စီးနဲ့ တိုက်မိခဲ့ကာ သေဆုံးမှုဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ရှားရှားပါးပါး ဖြစ်ရပ်လို့ ဆိုရမယ့် ဒီဖြစ်စဉ်မှာ လေယာဉ်ဆွဲ ထရပ်ကားကို အန္တရာယ်ရှိစွာ မောင်းနှင်ခဲ့မှုနဲ့ ယာဉ်မောင်းဖြစ်သူ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဂျော်ဒန်နိုင်ငံသား( အမည်မဖော်ပြ) ဟာ လေယာဉ်ဆွဲ ထရပ်ကားရဲ့ ခရီးသည်ထိုင်ခုံမှာ လိုက်ပါခဲ့တာလို့ ယူဆရပြီး ကားပေါ်ကနေ သူ အောက်ပြုကျခဲ့ချိန်မှာ နောက်ဆွဲလာတဲ့ လေယာဉ်နဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

အရေးပေါ်လုပ်သားတွေဟာ အင်္ဂါနေ့ မနက်အစောပိုင်းက တက္ကစီလမ်းကြောင်းတစ်ခုပေါ်မှာ ဒဏ်ရာအများအပြားနဲ့ လဲကျနေတဲ့ ယင်း အမျိုးသားကို တွေ့ရှိခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာပဲ သူသေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ China Aircraft Services မှ မြေပြင်ထောက်ကူနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဟောင်ကောင်လေဆိပ် အာဏာပိုင်အဖွဲ့က ပြောဆိုပါတယ်။ ဝန်ထမ်းဟာ ကားပေါ်မှာ အလုပ်လုပ်နေစဉ် ထိုင်ခုံခါးပတ်တပ်ပုံမရဘူးလို့ သံသယရှိကြောင်း အာဏာပိုင်အဖွဲ့က ဆိုပါတယ်။

ယခုဖြစ်စဉ်မှာ လေယာဉ်ဆွဲယာဉ်ကို လူသေဆုံးမှုဖြစ်လောက်အောင် အန္တရာယ်ရှိစွာ မောင်းနှင်ခဲ့မှုနဲ့ အသက် ၆၀ အရွယ် ယာဉ်မောင်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး China Aircraft Services ဘက်က လတ်တလောမှာ တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ AFP သတင်းဋ္ဌာနက ဖော်ပြပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here