လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံပြိုကွဲ ပျက်စီးရေးကိုသာ ဦးတည်နေသည့်အတွက် သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံနှင့်ပြည်သူကို စောင့်ရှောက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

0
162

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသား ပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူ အားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက် ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားလိုက်သည်။

ယနေ့ ဖေဖေါ်ဝါရီ (၇) ရက်တွင် ကျရောက်သည့် (၇၇) နှစ် မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခနှင့် တိုက်ပွဲများသည် ဒေသခံပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေသည့်အပြင် နိုင်ငံတော်ကိုပါ ထိခိုက်လာနိုင်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ကြောင့် လက်ရှိအချိန်သည် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖြစ်ထွန်းလာရန် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် တိုင်းပြည်ငြိမ်းချမ်းရေး နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင်ပြီး နိုင်ငံအတွက်အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေး တိုက်တွန်းထားသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများ၏ ထိခိုက်နစ်နာရမှုများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်း ရပ်တန့်ခဲ့ရမှု၊ လမ်းပမ်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရမှု၊ စစ်ဘေးသင့် ပြည်သူများ တိုးပွားလာရမှု၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများ အပါအဝင် လမ်းတံတားများ၊ တိုက်တာအဆောက် အဦများ ပျက်ဆီးဆုံးရှုံခဲ့ရမှုကို ရည်ညွှန်း ပြောကြားခဲ့ဟန်တူသည်။

ထို့အပြင် ရှမ်း၊ ကယား၊ ကချင်၊ မွန်၊ ကရင် ၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး စသည့်တိုင်းနှင့် ပြည်နယ်များ အပါအဝင် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရည်ရွယ်ပြောကြားလိုဟန်လည်းရှိသည်။

လက်ရှိတွင် နစကအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်း ချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အလေးထား ကြိုးပမ်းလျက်ရှိကြောင်းကိုလည်း နစက ဥက္ကဋ္ဌက သူ၏ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်ကို တွေ့ရသ ည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ချမှတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ အားလုံးကလည်း ပြည်ထော င်စု စိတ်ဓာတ်ကို မွေးမြူကြရန်လိုအပ်ကြောင်းလည်း ၎င်းက အတိအလင်း ပြောကြားထားသည်။

ထို့နောက် ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာပြီး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ဆန္ဒပြုတိုက်တွန်းကြောင်း နိဂုံးချုပ်အနေဖြင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here