ရုရှားရောက် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီ (၇)ရက်မှ စတင်၍ မြန်မာသံရုံးမှ လစာဝင်ငွေခွန် စည်းကြပ် ကောက်ခံသွားမည်

0
194

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော လစာငွေ အခွန်ပေးဆောင်မည့်  မြန်မာနိုင်ငံသားများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၇)ရက်မှ စတင်၍ လစာဝင်ငွေခွန် စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁)ရက်မှ စတင်၍ လစာဝင်ငွေခွန်ကို တွက်ချက်ကာ မိမိလစာဝင်ငွေ၏ (၂)ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏကို ကောက်ခံသွားမည်ဖြစ်ကြောင်း မော်စကိုမြို့ရှိ မြန်မာသံရုံးက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၇) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများ အနေဖြင့် လစာဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလတ်မှတ် သက်တမ်းတိုးခြင်းနှင့် အခြားကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းလည်း မြန်မာသံရုံးမှ အသိပေးထားသည်။

အဆိုပါ လစာဝင်ငွေခွန်ထမ်းဆောင်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မြန်မာသံရုံး အီးမေးလ်လိပ်စာ [email protected] နှင့်
ဖုန်း +7 (495)6915684 / +7 (495) 6915614 တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁)ရက်မှ စတင်၍ ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၇၉ / ၂၀၂၃ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here