မြန်မာနဲ့ လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းခွင့် ရပ်ဆိုင်းမယ်လို့ အိန္ဒိယ ပြော

0
253

မြန်မာနိုင်ငံနဲ့ လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းခွင့် သဘောတူညီချက်ကို ချက်ချင်းရပ်ဆိုင်းဖို့ သူ အကြံပြုခဲ့တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှားရှ်က ကြာသပတေးနေ့(ဖေဖော်ဝါရီ ၈) မှာ ပြောဆိုခဲ့ပါတယ်။ မြန်မာဖက်မှာတပ်မ​တော်နဲ့လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီးနောက် အိန္ဒိယဘက်ကို ထွက်ပြေးဝင်ရောက်လာသူ ထောင်ချီရှိနေစဉ် ယခုလို ပြောဆိုချက်တွေ ထွက်လာတာဖြစ်ပါတယ်။

နယ်စပ်ဇုန်တွေမှာ နေထိုင်သူတွေကို နှစ်နိုင်ငံနယ်နိမိတ်အတွင်း ဗီဇာမလိုဘဲ ခရီးတိုသွားရောက်ခွင့်ပြုစေတဲ့ သဘောတူညီချက်ကို ရုပ်သိမ်းဖို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အရင်ကတည်းက လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့ အမစ်ရှားရှ်က ပြောဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသခံ အများစုဟာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ နီးကပ်တဲ့ဆက်ဆံရေးရှိသူတွေဖြစ်ကြပါတယ်။

နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး သေချာစေဖို့နဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေရဲ့ လူဦးရေကို ထိန်းသိမ်းဖို့အတွက် ယင်းသို့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရှားရှ်က ပြောဆိုခဲ့ပါတယ်။ နယ်စပ်ဖြတ်သန်းခွင့် ရပ်ဆိုင်းမယ့် ဒေသတွေထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း လူများစု ဟိန္ဒူဘာသာဝင် Meitei လူမျိုးတွေနဲ့ ခရစ်ယာန် Kuki လူမျိုးတွေအကြား ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးထားခဲ့တဲ့ မဏိပူရ်ပြည်နယ်လည်း အပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယဘက် ထွက်ပြေးလာသူ အများစုဟာ Kuki တိုင်းရင်းသားတွေနဲ့ သွေးနှောမှုရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက လွတ်လပ်စွာဖြတ်သန်းခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးရေးနဲ့ ပြည်တွင်း လုံခြုံရေး ခိုင်မာစေရေးအတွက် သော့ချက်ဖြစ်တယ်လို့ ကြာသပတေးနေ့က X မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်း အစိတ်အပိုင်းတွေမှာ ရခိုင် AA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအကြား နိုဝင်ဘာလကစလို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာနေခဲ့ပါတယ်။ ယင်းတိုက်ပွဲဖြစ်စဉ်တွေကြောင့် မြန်မာဘက်က စစ်သား ရာပေါင်းများစွာနဲ့ အရပ်သား ထောင်နဲ့ချီကာ အိန္ဒိယဘက် ဝင်ရောက်လာတာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဝေးလံသီခေါင်တဲ့ တောတောင်အရပ်တွေကနေ ဆီးနှင်းဖုံလွှမ်းရာ ဟိမဝန္တာတောင်တန်းဒေသတွေအထိ မြန်မာနိုင်ငံနဲ့ နယ်စပ်မျဉ်းတစ်လျှောက် ၁၆၄၃ ကီလိုမီတာကို ခြံစည်းရိုးခတ်ဖို့ အိန္ဒိယက စီစဉ်နေတယ်လို့လည်း ရှားရှ်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here