ဆင်မကြီးမိုမို အသက်အရွယ်ကြီးရင့်လာမှု၏ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာ

0
111

အသက် (၇၁) နှစ်ရှိပြီဖြစ်သည့် ဆင်မကြီးမိုမိုသည် အသက် အရွယ် ကြီးရင့်လာမှု၏ နောက်ဆက်တွဲ အကျိုးဆက်အနေ ဖြင့် ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ် လာကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှသိရသည်။

၎င်းအခြေအနေကို ဆင်ကျွမ်းကျင်သူ ပညာရှင်များဖြစ်သည့် ဒေါက်တာခင်မောင်ဝင်း (ဆင်ဖြူတော်ဥယျာဉ်) နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒု-လက်ထောက် အထွေထွေမန်‌နေဂျာဒေါက်တာဇော်မင်းဦးတို့ကိုအကြံဉာဏ် တောင်းခံခဲ့ပြီး လိုအပ်သည်များကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အင်းစိန်ရောဂါရှာဖွေရေးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာဝင်းမြင့်က လိုအပ်‌သောစစ်ဆေး မှုများလာရောက် ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ဆင်မကြီးမိုမိုသည် အသက်ကြီးလာသည်နှင့်အမျှ ၎င်း၏ မူရင်းသဘာဝအတိုင်း အစာကိုအမျိုးမျိုးရွေးချယ်စားသောက်တတ်ပြီး နေ့စဉ်နှင့်အမျှ အစာကို ပြောင်းလဲစားသောက်တတ်ကြောင်း၊ ယင်းကြောင့် ၎င်းအတွက် လိုအပ်သော ဖြည့် စွက်စာများ‌နှင့် ကြိုက်နှစ်သက်သည့် အစာကို ပိုမိုကျွေးခြင်း၊ ညဘက် အိပ်ချိန်တွင် သက်တောင့်သက်သာဖြစ်စေရန် သဲပေါ်တွင် အိပ်စက်စေခြင်းများကို ဆောင်ရွက်၍ အနီး ကပ်ကျွေးမွေးပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

ဆင်မကြီးမိုမိုကို ၁၉၆၁ ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ် အသက် (၇) နှစ်ခန့်သာရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here