အရပ်သားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမယ့် အစီအစဉ်နဲ့အတူ ရာဖာမြို့ကို ထိုးစစ်ဆင်ဖို့ အစ္စရေး ပြင်ဆင်

0
163

အစ္စရေးတပ်တွေဟာ ဂါဇာတောင်ပိုင်းမြိ့ ရာဖာရှိ ဟားမတ်စ်တွေကို မြေပြင်ထိုးစစ်ဆင်ဖို့အတွက် ဖေဖော်ဝါရီ ၉ ရက်မှာ ပြင်ဆင်မှုတွေလုပ်နေပြီး မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ယင်းမြို့ကို စစ်ရှောင်ရောက်ရှိနေကြသူ ထောင်ပေါင်းများစွာဟာ စိုးရိမ်စရာအခြေအနေမှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမယ့် အစီအစဉ်တစ်ခုနဲ့စစ်ဆင်ရေးအကောင် အထည်ဖော်ဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ရုံးက ထုတ်ပြန်ပြောဆိုပါတယ်။ သို့ပေမယ့် အခုလို လူဦးရေသိပ်သည်းလှတဲ့နေရာတစ်ခုကို ထိုးစစ်ဆင်ခြင်းဟာ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးရမှုနဲ့ အဆုံးသတ်နိုင်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးပါတယ်။

“အခြေခံအားဖြင့် လူတွေက ဘယ်ကိုသွားရမှန်းမသိ ဖြစ်နေတာမို့ ရာဖာမှာတော့ စိုးရိမ် ထိတ်လန့်မှုတွေက တိုးလာနေပါတယ်” လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA အကြီးအကဲ ဖိလစ် လာဇာရီနီက ပြောဆိုပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစပြုတိုက်ခိုက်ခဲ့မှုတွေအပေါ် အစ္စရေး တုန်ပြန့်မှုဟာ အလွန်အကျွံဖြစ်နေတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဖေဖော်ဝါရီ ၈ ရက်မှာ ပြောဆိုပါတယ်။ အရပ်သားတွေအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရာဖာမှာလုပ်ဆောင်မယ့်ဘယ်စစ်ဆင်ရေး ကိုမဆို ထောက်ခံမှာ မဟုတ်ဘူးလို့ ဝါရှင်တန်က ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တောင်ပိုင်းဒေသဆီ စစ်ရှောင်ထွက်ပြေးလာရသူ ၁ သန်းကျော်ဟာ အီဂျစ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကမ်းရိုးတန်းနယ်မြေရှိ ရာဖာမြို့နဲ့ အနီးတစ်ဝိုက်ဧရိယာတွေမှာ စုပြုံရောက်ရှိနေခဲ့တာပါ။ အီဂျစ်ကလည်း လူအစုအပြုံလိုက်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို လုံခြုံရေးအားဖြည့်ထားခဲ့တာဖြစ်ပါတယ်။

ရာဖာမှာ ဟားမတ်စ်တပ်ရင်း လေးရင်း ရှိနေတာဖြစ်ပြီး အဲဒီနေရာမှာ သူတို့ဆက်ရှိနေသေးသရွေ့ဟာ အစ္စရေးရဲ့ အစ္စလာမ်မစ် စစ်သွေး ကြွချေမှုန်းရေး ရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ကြောင်း မစ္စတာ နေတန်ယာဟုရဲ့ ရုံးက ပြောဆိုခဲ့ပါတယ်။ အရပ်သားတွေကို တိုက်ပွဲဇုံတွေကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့သင့်တယ်လို့လည်း ယင်းက ဆိုပါတယ်။

ဒီအတွက်ကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုနဲ့ ရန်သူ့တပ်ရင်းတွေကို ချေမှုန်းမယ့် ပေါင်းစပ်အစီအမံတစ်ခုအား အစိုးရအဖွဲ့ထံ တင်ပြဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ကို နေတန်ယာဟုက အမိန့်ပေးထားတယ်လို့ ဆိုခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ အပစ်ရပ်စဲရေး အဆိုပြုချက်ကို နေတန်ယာဟုက ပယ်ချခဲ့အပြီး နှစ်ရက်အကြာမှာ ဝန်ကြီးချုပ်ရုံးရဲ့ ယခု ထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here