ပြည်သူ့စစ်မှုထမ်း ဥပဒေကို ယနေ့ရက်စွဲဖြင့် အာဏာတည်စေရမည်ဟု နစက ဥက္ကဋ္ဌ အမိန့်ထုတ်

0
20645

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို (၁၃) နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ (၁၀) ရက် ယနေ့ ရက်စွဲဖြင့် အာဏာတည်စေရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ယနေ့ရက်စွဲဖြင့် အမိန့်ကြေညာချက်အမှတ် ၂၇/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်းဟုဆိုကာ အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌ အနေဖြင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများ ပြင်းထန်နေသည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကပင် ပြည်သူ့လုံခြံုရေး စနစ်နှင့် ပြည်သူ့ကာကွယ်ရေး စနစ် ထူထောင်မည်ဟု ပြောဆိုမှုများ ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။

အဆိုပါ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေး စနစ်ဖော်ဆောင်ရန် ပြောဆိုမှုနှင့် ယခု ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာဆက်စပ်မှုရှိနိုင်ကြောင်း ဝါရင့်နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်သည်။

” ပြည်သူ့ လုံခြုံရေးဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတာနဲ့ အခုစစ်မှုထမ်း ဥပဒေနဲ့က ဖွဲ့စည်းပုံအရ ဆက်စပ်မှု ရှိနိုင်တယ်။ အခြေခံဥပဒေမှာ စစ်မှုမထမ်းရ ဥပဒေ ပြဌာန်းပိုင်ခွင့်နဲ့ ပြည်သူ့စစ် မဟာဗျူဟာက ပြဌာန်းထားပြီးသားဖြစ်တော့ အခြေခံဥပဒေအရ အကောင်အထည်ဖော်တာကို အကောင်အထည်မဖော်နဲ့လို့ ပြောပိုင်ခွင့်ကလည်း မရှိဘူးဗျ။ အဲဒီတော့ တည်ဆဲ အစိုးရက အခြေခံဥပဒေအရ အကောင်အထည်ဖော်တာကို ကျွန်တော်တို့က လက်ခံပေးရမှာပဲ ဖြစ်ပါတယ်” ဟု ဝါရင့် နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ယခု အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ၂၀၁၀ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပြဌာန်းခဲ့ပြီး တည်ဆဲအစိုးရအဆက် ဆက်အကောင်အထည်မဖော်ခဲ့သည့် ဥပဒေတစ်ရပ်လည်း ဖြစ်သည်။

ယင်းဥပဒေအရ အရွယ်ရောက်ပြီးသား နိုင်ငံသားတိုင်းကို (၂) နှစ် စစ်မှုထမ်းခိုင်းခွင့်ရှိနေပြီး အခြေအနေအရ (၅) နှစ်အထိ သတ်မှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

အသက်အရွယ်အပိုင်းအခြားအရ အမျိုးသားဖြစ်ပါက (၁၈) နှစ်ပြည့်ပြီး (၃၅) နှစ်မပြည့်သေးသူများ ၊ အမျိုးသမီး ဖြစ်ပါက အသက် (၁၈)နှစ်ပြည်ပြီး (၂၇)နှစ် မပြည့်သေးသူများ မဖြစ်မနေ စစ်မှုထမ်းရမည့်အနေအထား ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here