အင်ဒိုနီးရှားသို့ ပို့မည့် ဆန်တန်ချိန် ၁၈၀၀၀ ကို ဆူးလေဆိပ်ကမ်း တံတားတွင် MV. VTC PHOE NIX သင်္ဘောပေါ်သို့ တင်နေ

0
149

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတား အမှတ် (၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့်ဆန်တန်ချိန် ၁၈၀၀၀ ကျော်ကို MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဆန်တင်လုပ်ငန်း ဆောင်ရွက်နေခြင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဖေဖော်ဝါရီလ (၁၀) ရက်တွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အလားတူ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၂)နှင့် အမှတ် (၅) တို့တွင်လည်း စပိန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့မည့်အရန်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်း လုပ်ငန်းများတို့ကို ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။

ရန်ကုန် ကုန်ဆိပ်ကမ်းမှ ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံအသီးသီးသို့ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့လျက်ရှိပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ စုစုပေါင်း ဆန်တန်ချိန် ၁,၀၈၁,၃၈၈ တန်၊ ပဲတန်ချိန် ၁,၁၃၅, ၈၁၆ တန်နှင့် ပြောင်းတန်ချိန် ၅၂၅,၅၆၆ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆူးလေဆိပ်ကမ်းဝင်း အတွင်း၌ သိုလှောင်ရုံ (၇)လုံးရှိပြီး သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)ကို ၁၉၁၂ ခုနှစ်နှင့် သိုလှောင်ရုံအမှတ်(၅၊ ၆၊ ၇) ကို ၁၉၆၃ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄)၏ အမိုးနှင့် ရေတံလျှောက်များအား ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေပြီးအဆိုပါ သိုလှောင်ရုံ(၄)လုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေပြီး ပြုပြင်မွမ်းမံနေသော သိုလှောင်ရုံ(၄)လုံးအနက် သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ကာ ကျန် သိုလှောင်ရုံ (၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မေလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုပြင် မွန်းမံမှုများ ပြီးစီးပါက ပြည်ပသို့ တင်ပို့မည့် ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ခြင်း ၊ ပြည်ပမှတင်သွင်းလာမည့် ဓါတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆူးလေသိုလှောင်ရုံများသည် နိုင်ငံတော်၏ ဆန်နှင့် လယ်ယာ ထွက်ကုန်များ သိုလှောင်ဖြန့်ဖြူးခြင်းအတွက် အလွန်အရေးပါသော သိုလှောင်ရုံများဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံရာတွင် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက သက်ဆိုင်ရာ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here