ဇရပ်ကြီး ဒေသခံ စစ်ရှောင်ပြည်သူအချို့ နေရပ်ပြန်ကြ

0
120

ဇရပ်ကြီး ဒေသခံစစ်ရှောင်ပြည်သူအချို့ ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက် မွန်းလွှဲပိုင်းမှစတင်ကာ နေရပ်သို့ ပြန်သူများရှိကြောင်း ဒေသတွင်းစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။

ယင်းကဲ့သို့ နေရပ်ပြန်သူများရှိသော်လည်း လူနည်းစုသာဖြစ်ပြီး အခြားစစ်ရှောင်များမှာ တောင်ငူမြို့ရှိ စစ်ရှောင်စခန်းများတွင်သာ ဆက်လက်ခိုလှုံနေကြသေးကြောင်း သိရသည်။

“ပြန်တဲ့သူအချို့က သူတို့ ပဲနှုတ်ဖို့ အလုပ်လေးတွေရှိလို့ ပြန်ကြတာပါ။ ဒီနေ့လိုက်ပို့ပေးလိုက်ပါတယ်။ အတော်များများကတော့ တောင်ငူက စစ်ရှောင်စခန်းတွေမှာဘဲ ရှိနေပါသေးတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ရှောင်များအား တောင်ငူဘက်သို့ ဝင်ရောက်လာခြင်းကို လုံခြုံရေးအရ တင်ပြထားပြီး အထွက်အတွက် ပုံမှန်သွားလာခွင့်ပြုထားကြောင်း သိရသည်။

ဇရပ်ကြီး စစ်ရှောင်ပြည်သူများ ခိုလှုံရန် တောင်ငူတွင် စစ်ရှောင်စခန်း (၄၆)နေရာဖွင့်လှစ်ထားရှိပြီး ဒေသခံစစ်ရှောင် (၄,၀၀၀)ကျော် ခိုလှုံလျက်ရှိသည်ဟုလည်း ဒေသတွင်း စာရင်း အချက်အလက်များအရ သိရသည်။

အဆိုပါ စခန်းများရှိ စစ်ရှောင်များအတွက် လိုအပ်သည့် ဆန်၊ ကြက်သား၊ ဟင်းသီးဟင်းရွက်၊ အဝတ်အထည်နှင့် စောင်များကို ဒေသတွင်း ပရဟိတအဖွဲ့များက လိုက်လံလှူဒါန်းမှုများရှိသည့်အပြင် အသင့်စား ထမင်းဘူးများကိုလည်း ဝေငှပေးမှုများရှိကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ (၇)ရက်က ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ဇရပ်ကြီးဒေသခံ ပြည်သူ (၄,၀၀၀) ကျော်မှာ တောင်ငူမြို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here