အင်ဒိုနီးရှား၌ ဘောလုံးပွဲယှဉ်ပြိုင်နေစဉ်အတွင်း ကွင်းထဲသို့မိုးကြိုးပစ်မှုကြောင့် ကစားသမားတစ်ဦးသေဆုံး

0
121

ဂျကာတာ၊ဖေဖော်ဝါရီ ၁၃

အင်‌ဒိုနီးရှားနိုင်ငံ၌ အသက် ၃၅ နှစ်အရွယ်ရှိ ဘောလုံးကစားသမားတစ်ဦးသည် ကွင်းထဲ၌ တစ်ဖက်အသင်းနှင့် ဘောလုံးကစားနေစဉ် မိုးကြိုးပစ်ခံရသဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

သေဆုံးသူကစားသမားသည် ဆက်ပ်တိန်ရာဟားဂျားအမည်ရှိ ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းသည် ဘန်ဒေါင်းမြို့မှ 2 FLO FC အသင်းနှင့် ဆူဘန်မြို့မှ FBI Subang အသင်းတို့ယှဉ်ပြိုင်ကစားနေစဉ် ယခုလိုမိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ရာဟာဂျားမှာ မိုးကြိုးပစ်ခံရမှုကြောင့် ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပြီး ၎င်းအား ဆေးရုံသို့အမြန်ပို့ခဲ့သော်လည်း အသက်မမီဘဲသေဆုံးခဲ့ရခြင်းလည်းဖြစ်သည်။အဆိုပါအသင်းနှစ်သင်း ချစ်ကြည်ရေးပွဲကစားနေစဉ် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်၌ ရာဟာဂျားသည် မိုးကြိုးအပစ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

အွန်လိုင်းပေါ်တက်လာသော ဗီဒီယိုများ၌မူ ရာဟာဂျားသည် ကွင်းအတွင်းပြေးလွှားကစားနေစဉ် ၎င်းအားလျှပ်စီးတစ်ချက်ထိမှန်ကာ မြေ‌ကြီးပေါ်လဲကျသွားခဲ့သည်ကိုတွေ့ရပြီးနောက် ဆေးရုံသို့ရောက်ချိန်၌မူ ၎င်းမှာ သေဆုံးပြီးဖြစ်ကြောင်း ဆရာဝန်များကအတည်ပြုခဲ့ကြသည်။

အင်ဒိုနီးရှား‌၌ ဘောလုံးကစားသမားများ ကစားပွဲကျင်းပနေစဉ် မိုးကြိုးအပစ်ခံရခြင်းသည် ယခုအချိန်မှာ ပထမဆုံးမဟုတ်ဟုလည်းသိရသည်။၂၀၂၃ ခုနှစ်အတွင်းက ယူ – ၁၃ ဘောလုံးပွဲတစ်ခုကို အရှေ့ ဂျာဗားကျွန်း၊ဘိုဂျိုနီဂိုရို မြို့၌ကျင်းပနေစဉ် လူငယ်ကစားသမားတစ်ဦးမှာလည်း ယခုလိုပင် ကွင်းအတွင်းဝင်ရောက်ကစား၍ ဆယ်မိနစ်အကြာ၌ မိုးကြိုးအပစ်ခံခဲ့ရဖူးသည်။

ထို ယူ – ၁၃ ကစားသမားမှာ နှလုံးရပ်သွားခဲ့ပြီးနောက် ဘိုဂျိုနီဂိုရိုမြို့ရှိဆေးရုံရောက်ပြီး မိနစ် ၂၀ အကြာ၌ သတိပြန်လည်လာကာအသက်ရှင်ခဲ့သည်ဟုလည်းသိရသည်။

Source : အင်ဒီးယန်းတူဒေး


LEAVE A REPLY

Please enter your comment!
Please enter your name here