မြို့တော်ဆီ ချီတက်လာတဲ့ ဆန္ဒပြ အိန္ဒိယလယ်သမားတွေကို မျက်ရည်ယိုဗုံးများသုံးကာ ရဲတပ်ဖွဲ့ ဟန့်တား

0
140

အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့အပြီးမှာ သီးနှံဈေး အနိမ့်ဆုံးဈေးသတ်မှတ်ပေးဖို့ တောင်းဆိုနေကြတဲ့ လယ်သမားထောင်နဲ့ချီဟာ မြို့တော် နယူးဒေလီကို ချီတက်လာခဲ့ကြရာမှာ အင်္ဂါနေ့က အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေရဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဟန့်တားခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

မြို့တော် မြောက်ဖက် ၁၂၅ မိုင်အကွာရှိ Ambala မြို့အနီးမှာ ဆန္ဒပြလယ်သမားတွေကို မျက်ရည်ယို ဗုံးတွေပစ်ကာ လူစုခွဲမှုကြောင့် မီးခိုးလုံးတွေထွက်ပေါ်နေတာကို အိန္ဒိယရုပ်သံသတင်းဋ္ဌာနတွေက ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် အများဆုံး အရေအတွက်ကို ဖြန့်ကျက်ထားတယ်လို့ ဒေလီရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိ ရန်ဂျေး အာထရစ်ရှားက ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့က နယူးဒေလီသို့ ဝင်ပေါက်များစွာမှာ သံဆူးကြိုးတွေ၊ သံဆူးတွေနဲ့ ကွန်ကရစ်တုံးတွေ ချကာ ပိတ်ဆို့ထားကြောင်း သိရပါတယ်။ မြို့တော်မှာ လူစုလူဝေးလုပ်မှုတွေ ပိတ်ပင်ထားသလို အိမ်နီးချင်း ဟာယန်နာပြည်နယ်ရှိ ခရိုင်အချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက စိုက်ပျိုးရေးဥပဒေတွေကို ရုပ်သိမ်းလိုက်မှုကြောင့် ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ ပြင်းထန်တဲ့ ဆောင်းရာသီနဲ့ ကိုဗစ်ရောဂါအရှိန်မြင့်နေမှုကို အံတုကာ မြို့တော်ပြင်ပမှာ အစာငတ်ခံဆန္ဒပြမှုတွေ ပေါ်ပေါက်စေခဲ့တဲ့ဖြစ်စဉ်အပြီး ၂ နှစ်ကျော်အကြာမှာ ယခုလို အသစ်တဖန် ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လယ်သမားလူတန်းစားဦးရေဟာ များပြားလွန်းတာကြောင့် နိုင်ငံရေးအရ ထိခိုက်မှုတွေရှိပြီး ဧပြီလလောက်မှာ စတင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲတွေမတိုင်မီကာလမှာ အသစ်တဖန် ဆန္ဒပြပွဲတွေက ခြိမ်းခြောက်လာခဲ့ပါတယ်။

မြောက်ပိုင်း ဟာယန်နာနဲ့ ပန်ဂျပ်ပြည်နယ်တွေကနေ စတင်ချီတက်လာတဲ့ လယ်သမားတွေက လယ်ယာသီးနှံအားလုံးအတွက် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ပေးဖို့ ချေးငွေထုတ်ချေးပေးဖို့နဲ့ အခြားလိုလားချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေ ဥပဒေကြမ်းတွေအပေါ် လယ်သမားတွေရဲ့ ဆန္ဒပြမှုဟာ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အာဏာရရှိလာတဲ့ မိုဒီအစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်စေခဲ့ပါတယ်။ ယင်းအချိန်က ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ ယာယီသပိတ်စခန်းတွေ တည်ဆောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၇၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref: Gulf News, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here