ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ (၁၈) ဦးဖြင့် ဖွဲ့စည်း

0
378

မကြာမီလပိုင်းအတွင်း စတင်အကောင်အထည်ဖော်တော့မည့် ပြည်သူ့စစ်မှုထမ်းစနစ်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်အမှတ် (၁/၂၀၂၄) ဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက် ညပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိန်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး စစ်ပညာသင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းထားပြီးဖြစ်ကာ ယင်း ဥပဒေ၏ ပုဒ်မ (၆) အရ ဖွဲ့စည်းခြင်းဖြစ်‌ကြောင်း ယနေ့ ညပိုင်းထုတ်ပြန်သည့် အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး (ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း))မှ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားကြောင်း သိရသည်။

အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ စစ်ထောက်ချုပ် ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ၊ စစ်ရေးချုပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတို့ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ခုနှစ်က နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီ အစိုးရက ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်း ဥပဒေအာဏာတည်သည့်နေ့ကို ‌၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ (၁၀) အဖြစ် နစက ဥက္ကဋ္ဌ က သတ်မှတ် ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ပြည်သူ့စစ်မှုထမ်းစနစ်ကို လာမည့် ဧပြီလ သင်္ကြန်ကာလအပြီးတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း SAC ၏ ‌ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနအား ယနေ့
ဖေဖေါ်ဝါရီ (၁၃) ရက်တွင် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here