ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဌာန်းခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေကို ယနေ့ ရက်စွဲဖြင့် အာဏာတည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်ထုတ်

0
316

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် အရန်တပ်ဖွဲ့ ဥပဒေကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက် ရက်စွဲဖြင့် အာဏာတည်သည့်အဖြစ်သတ်မှတ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေအရ စစ်မှုထမ်းဟောင်းများ အနေဖြင့် တပ်မ‌တော်မှ နှုတ်ထွက်ခွင့်ရသည့်နေ့ သို့မဟုတ် အငြိမ်းစားယူခွင့်ရသည့် နေ့မှစ၍ (၅) နှစ်အထိ အရန်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက် နုတ်ထွက်ထားသူ သို့မဟုတ် အငြိမ်းစားယူထားသူ စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ကြောင်းလည်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ် အခြေအနေများအတွက်ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော စစ်မှုထမ်းဟောင်းများအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သော နောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုနိုင်သည်ဟုလည်း အရန်တပ်ဖွဲ့ဥပဒေက၌ ပြဌာန်းထားသည်။

ထို့အပြင် အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုအပေါ် မူတည်၍ ယင်း၏ရာထူးနှင့် အဆင့်ကို တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်သည်ဟုလည်း ယင်းဥပဒေ၌ ပြဌာန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here