သန်းနဲ့ချီသော အင်ဒိုနီးရှားပြည်သူတွေ နောက်သမ္မတအသစ်အတွက် မဲပေးကြပြီ

0
108

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာဖို့ မျှော်မှန်းနေတဲ့ ကမ္ဘာတတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ နောက်တက်မယ့် သမ္မတသစ်အတွက် အင်ဒိုနီးရှားပြည်သူတွေ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၄) မှာ မဲပေးရွေးချယ်မှု စတင်နေကြပြီဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်စဉ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦးတို့ဟာ ပြည်သူ့တွေအကြား ရေပန်းစားနေဆဲဖြစ်တဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့နေရာကို ဆက်ခံနိုင်ဖို့ ကြိုးပမ်းကြမှာဖြစ်ပါတယ်။

လူဦးရေ သန်း ၂၇၀ ခန့်နေထိုင်ပြီး စံတော်ချိန်ဇုန် သုံးခုရှိနေကာ ကျွန်းပေါင်း ၁၇၀၀၀ ခန့်ပါဝင်သော ကျယ်ပြောလှတဲ့ ကျွန်းစုနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး အဖြူရောင်မဲပုံးတွေ၊ မဲပြားထုပ်တွေကို မြည်းတွေနဲ့ သယ်ဆောင်ကြရသလို ပိုဝေးလံခေါင်သီတဲ့ အချို့နေရာတွေဆို ခြေလျင်ခရီးဆက်ကြရပါတယ်။

မဲရုံတွေကို ဇုန်အသီးသီးရဲ့ ဒေသစံတော်ချိန်အလိုက် မနက် ၇ နာရီမှာ ဖွင့်လှစ်မှာဖြစ်ပြီး ပထမဆုံးဇုန်ဒေသမှာတော့ ဂရင်းနစ် စံတော်ချိန် ၂၂း၀၀ နာရီမှာ မဲပေးမှု စတင်ခဲ့ပါတယ်။

သမ္မတနေရာအပြင် အမျိုးသားအဆင့်၊ ပြည်နယ်နဲ့ ခရိုင် လွှတ်တော်အမတ်နေရာ ၂၀၀၀၀ ခန့်အတွက် ကိုယ်စားလှယ်လောင်း သောင်းချီ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ အမတ်နေရာ ၅၈၀ ရှိ အမျိုးသားလွှတ်တော်တစ်ခုတည်းအတွက်ကို ပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ်လောင်း ၁၀၀၀၀ ခန့်က မျှော်မှန်းယှဉ်ပြိုင်ထားကြပါတယ်။

သမ္မတနေရာအတွက်ကိုတော့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦးဖြစ်တဲ့ အန်နစ္စ ဘာဆွှီဒန်၊ ဂန်ဂျာ ပရာနိုဝိုတို့က ယှဉ်ပြိုင် ရွေးချယ်ခံကြမှာပါ။

လွတ်လပ်တဲ့ လူထုစစ်တမ်းကောက်ယူမှုတွေအရ ဆူဘီယန်တိုဟာ နောက်သမ္မတဖြစ်လာနိုင်သူအဖြစ် တစ်ပြေးနေပြီး သမ္မတ ဝီဒိုဒိုရဲ့ သားကြီးဖြစ်သူ ဂီဘရန် ရာကာဘမ်မင် ရာကာက သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ကြောင်း သိရပါတယ်။

Ref:AP


LEAVE A REPLY

Please enter your comment!
Please enter your name here