ဂါဇာအပစ်ရပ်စဲရေး ဆွေးနွေးပွဲ အောင်မြင်မှု မရဘဲ အဆုံးသတ်

0
145

စစ်ရှောင်သူ တစ်သန်းကျော် စုပြုံရောက်ရှိနေတဲ့ ဂါဇာတောင်ဘက်စွန်းဒေသအပေါ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေခြင်းအား ပြန်ရုပ်သိမ်းဖို့ အစ္စရေးအပေါ် တောင်းဆိုမှုတွေ မြင့်တက်နေစဉ် အမေရိကန်၊ အီဂျစ်၊ အစ္စရေးနဲ့ ကာတာနိုင်ငံ တာဝန်ရှိသူများပါဝင်တဲ့ ဂါဇာစစ်ပွဲ အပစ်ရပ်ရေး ဆွေးနွေးပွဲဟာ အင်္ဂါနေ့မှာ တစ်စုံတရာ အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေး ကိုယ်စားလှယ်အဖွဲ့ဟာ ကိုင်ရိုကနေ ပြန်ထွက်ခွာသွားခဲ့ပြီဖြစ်တယ်လို့ အမည်မဖော်တဲ့ အစ္စရေး အရာရှိတစ်ဦးကို ကိုးကားပြီး အမေရိကန် သတင်းဝက်ဘ်ဆိုက် Axios က ဖော်ပြပါတယ်။ ပါလက်စတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ဂါဇာသို့ အကူအညီတွေ ပိုမိုပေးပို့နိုင်ရေး ရည်ရွယ်တဲ့ ကိုင်ရို စေ့စပ်ဆွေးနွေးပွဲအတွင်း စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်၊ ကာတာဝန်ကြီးချုပ် မိုဟာမက်ဘင် အဗ္ဗဒူရာမာ အယ်သာနီ၊ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတက် အယ်စီစီ အပြင် အခြား အီဂျစ်အရာရှိတွေ ပါဝင်ခဲ့တယ်လို့ အဆိုပါ အရာရှိက ပြောဆိုခဲ့ပါတယ်။

အစ္စရေး ကိုယ်စားလှယ်အဖွဲ့ဟာ စေ့စပ်ဆွေးနွေးမှုတွေအတွင်း အဓိက ကွဲပြားချက်တွေမှာ ဘာတစ်ခုမျှ နီးနီးစပ်စပ် သဘောတူမှုမရရှိခဲ့ဘဲ အီဂျစ်မြို့တော် ကိုင်ရိုကနေ ပြန်ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း အီဂျစ်အရာရှိတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်ကလည်း ဖော်ပြသွားခဲ့ပါတယ်။

အီဂျစ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးကတော့ အစ္စရေး ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားတယ်ဆိုသော်ငြားလည်း ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ခဲ့ကြောင်းနဲ့ နောက်ထပ် သုံးရက် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုင်ရို ဆွေးနွေးပွဲရလဒ်ကို စောင့်ဆိုင်းနေတယ်ဆိုသော်လည်း ရန်လိုမှုနဲ့ စစ်ပွဲ အဆုံးသတ်နိုင်မယ့် ဘယ်လို အစပြုမှုမျိုးအတွက်မဆို ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဟားမတ်စ် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ရာဖာရှိ ဟားမတ်စစ်သွေးကြွတွေကို ရှင်းလင်းပစ်ဖို့၊ ယင်းမှာရှိတဲ့ ဓါးစားခံတွေ လွတ်မြောက်စေဖို့ အစ္စရေးက ဆန္ဒရှိနေပြီး ပါလက်စတိုင်း အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် လတ်တလောမှာ ဘာအစီအမံမှ မရှိသေးဘဲ ပျက်စီးယိုယွင်းနေတဲ့ ဒေသမှာ စစ်ဘေးရှောင်တွေဟာ သွားစရာနေရာ မရှိဖြစ်နေခဲ့တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ပြောဆိုခဲ့ပါတယ်။

Ref: Press TV, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here