ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် သံအမတ်များနှင့် သံရုံးတာဝန်ခံများအား နစက ဥက္ကဋ္ဌတွေ့

0
178

ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသည့် သံအမတ်များ၊ သံရုံးယာယီတာဝန်ခံများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိရေးအတွက် ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များတွင် တာဝန်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း မျက်ခြည်မပြတ်စေဘဲ မိမိတို့၏ မူဝါဒကို အောင်မြင်အောင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက သံတမန်များအား မှာကြားခဲ့သည်။

မိမိတို့နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများတွင် ပါဝင်နေသည့် နိုင်ငံ တစ်ခုဖြစ်သော်လည်း နိုင်ငံရေး ပဋိပက္ခ ဖြစ်စဉ်များ ပေါ်အခြေခံ၍ အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေးမှုများရှိနေသည့်အတွက် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အ ခြေအနေမှန်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေ အနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးအတွက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် တာဝန်သိစိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းကြရန်၊ အကယ်၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရပ်များ ရရှိလာပါက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေပြီး နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းလည်း မှာကြားခဲ့သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ဆောင် ရွက်ပေးရမည်ဟုလည်း နစက ဥက္ကဋ္ဌက အသိပေးတိုက် တွန်းခဲ့သည်။

ထို့နောက် ပြည်သူ့ စစ်မှုထမ်း ဥပဒေ ၊ အရန်တပ်ဖွဲ့ ဥပဒေများ အတည်ပြုရခြင်းနှင့် ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များအနေဖြင့် ယင်းဥပဒေနှစ်ရပ်၏ အဓိပ္ပါယ်ကို ခြေခြေမြစ်မြစ် သိရှိအောင် လေ့လာကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် မိမိတာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ရောက်ရှိပါက ယင်းဥပဒေများ အသက်သွင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန်လိုအပ် ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် သံတမန်များအနေဖြင့် နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းကြရန်လည်း သတိပေး ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here