ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်ဖမ်းစဉ် တရုတ် ငါးဖမ်းသမားနှစ်ဦး သေဆုံးမှု ဖြစ်ပွား

0
187

ထိုင်ဝမ်ရဲ့ Kinmen ကျွန်းစုကမ်းလွန်မှာ ပိုင်နက်ကျူးကျော်လာတယ်ဆိုတဲ့ တရုတ်ငါးဖမ်းသမားတွေကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်ဖမ်းရာမှ ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

ထိုင်ဝမ်ရဲ့ ပင်မကျွန်းထက်စာရင် တရုတ်နဲ့ ပိုနီးကပ်စွာတည်ရှိတဲ့ Kinmen အနီး ရေပြင်မှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ ပုံမှန်လိုရှိနေပေမယ့် အခုလို လူသေဆုံးမှုဖြစ်ရပ်မျိုးတော့ ဖြစ်လေ့မရှိပါဘူး။ တရုတ်ဟာ ထိုင်ဝမ်တစ်ခုလုံးကို ၎င်းတို့ပိုင်နက်အစိတ်အပိုင်းအဖြစ် ထုတ်ဖော်ပြောဆိုထားပါတယ်။

လူသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးက ပြင်းထန်စွာ ရှုံချခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ နွေဦးပွဲတော်ကာလမျိုးမှာ ယခုလို အန္တရာယ်ရှိတဲ့ဖြစ်ရပ်မျိုးက ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်လုံးရှိ ဆွေမျိုးသားချင်းတွေကို အပြင်းအထန် စိတ်ထိခိုက် ခံစားရစေတယ်လို့လည်း ဆိုခဲ့ပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့မှာ တရုတ်နှစ်ကူး အားလပ်ရက်အခမ်းအနားတွေ ကျင်းပနေကြတာဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ အာဏာရ DPP ပါတီဟာ တရုတ် ငါးဖမ်းသင်္ဘောတွေကို အကြောင်းပြချက်မျိုးစုံနဲ့ အတင်းအကြပ်စစ်ဆေးနေကာ၊ တရုတ်ငါးဖမ်းသမားတွေအပေါ် ကြမ်းတမ်းပြီး အန္တရာယ်ရှိတဲ့ နည်းလမ်းတွေ အသုံးပြုနေတယ်လို့ ထိုင်ဝမ်ရေးရာရုံးရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲခဲ့ပါတယ်။

အမည်မသိ တရုတ်ငါးဖမ်းသင်္ဘောဟာ Kinmen ကျွန်းငယ်ရဲ့ ရေမိုင် တစ်မိုင်ခန့်အကွာကို ခုတ်မောင်းဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။ ငါးဖမ်းသင်္ဘောဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် တိမ်းမှောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ငါးဖမ်းသမားလေးဦး ရေထဲပြုတ်ကျခဲ့ရာမှာ နှစ်ဦးကိုကတော့ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ကျန်နှစ်ဦးကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ Kinmen ရှိ ထိုင်ဝမ်ကမ်းခြေ စောင့်တပ် ဒုတိယ ကပ္ပတိန် ချန်ကျင်း-ဝမ်က ဒေသတွင်း ရုပ်သံလိုင်းတစ်ခုကို ပြောဆိုခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here