ထိုင်းဘက်သို့ ရွှေ့ပြောင်းအလုပ်သမားများ စုပြုံ‌ဝင်ရောက်လာပါက လူ့အခွင့်ချိုးဖောက်ခံရမှု မြင့်တက်လာနိုင်ဟုဆို

0
123
People gather outside the embassy of Thailand to get visas in Yangon on February 16, 2024, after Myanmar's military government said it would impose military service. (Photo by AFP)

မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ ရွှေ့ပြောင်းအလုပ်သမားများ စုပြုံ‌ဝင်ရောက်လာပါက လူ့အခွင့်ချိုးဖောက်ခံရမှုများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုမြင့်တက်လာနိုင်ကြောင်း FED – Foundation for Education and Development မှ Executive Director ဦးထူးချစ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်တလောတွင် နစက က ပြည်သူ့စစ်မှုထမ်း ဥပဒေအသက်သွင်းရန် ကြိုးပမ်းပြင်ဆင်နေသည့်အတွက် ပြည်တွင်းရှိလူငယ်အများစုနှင့် မိဘများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေကြရပြီး အချို့မှာ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရန် ပြင်ဆင်မှုများ ရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စိုးရိမ်စိတ် မြင့်တက်နေသည့် လူငယ်ထုအား ပစ်မှတ်ထားကာ လုံ့ဆော်မှုများလည်း ရှိနေသည့်အပြင် တရားမဝင် လမ်းကြောင်းများမှတဆင့် တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်မှုများဖြစ်ပေါ်နိုင်သည့် မြှောက်ပင့်လှုံ့ဆော်မှုများကိုလည်း ယခုရက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်၌ တွေ့နေရသည်။

“နယ်စပ်လမ်းတွေမှာ တရားဝင်တာတွေရော တရားမဝင်တာတွေရော နယ်စပ်ဖြတ်ကျော်တာအများကြီးတွေ့ရတယ်။အဖွဲ့အစည်းတွေကိုလည်း အကူအညီတောင်းခံတာတွေ တွေ့ရတယ်။ ပြီးတော့ ဖမ်းခံထိ‌တာတွေရော နေ့စဉ်နဲ့အမျှဖြစ်နေတာတွေ့ရတယ်။ လက်ရှိစစ်မှုထမ်းရမယ်ဆိုတဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ မြန်မာနိုင်ငံထဲက လူငယ်တွေအနေနဲ့ ရွှေ့ ပြောင်းနေထိုင်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ဖို့ ပိုပြီးတော့ တွန်းပို့လာသလိုဖြစ်လာတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေများပြားလာတာနဲ့အမျှ အလုပ်သမားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ မြင့်တက်လာလိမ့်မယ်”ဟု ဦးထူးချစ်က ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် စတင်အာဏာတည်ကြောင်း နစက ဥက္ကဋ္ဌက  ဖေဖော်ဝါရီ (၁၀) ရက်ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေအရ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ် ၊ လူလတ် အမျိုးသားများနှင့် အသက် (၁၈)နှစ် မှ (၂၇) နှစ်အတွင်းရှိ အမျိုးသမီးများမှ စစ်မှုမဖြစ်မနေထမ်းရမည့် အခြေအနေဟုနားလည်နေကြခြင်းဖြစ်သည်။နစက ဥက္ကဋ္ဌ ကပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်သည့်အသက် အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဟု ပြောကြားထားပြီးလည်းဖြစ်သည်။

အဆိုပါ အခြေအနေတွင် လူငယ်အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေကြပြီးထိုင်း သံရုံး၌ ဗီဇာလျှောက်ထားသူများ မြင့်တက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းနေထိုင်မည်ဆိုပါက ၎င်းတို့၏ ဓလေ့ထုံးတမ်း၊ ဥပဒေ၊ အခြေခံ ဘာသာစကားအနည်းဆုံးတတ်မြောက်ရန်လိုအပ်ပြီး အခက်အခဲတစ်စုံတရာဖြစ်ပေါ်လာပါက အကူအညီဆောင်ရွက်ပေးနိုင်မည့် လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ပြင်ဆင်ထားရန်လိုကြောင်း သိရသည်။

“အဲဒီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို အကူအညီတောင်းဖို့အတွက်ပေါ့နော်။ ပြင်ဆင်ထားသင့်တယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ပွဲစားတွေ၊ လူကု-န်ကူးမှုတွေရဲ့ရန်ကကင်းအောင်လို့ စိတ်ချယုံကြည်ရတယ့်သူတွေနဲ့ပဲ ချိတ်ဆက်ပြီးလာသင့်တယ်”ဟု ၎င်းကဆက်လက်ရှင်းပြထားသည်။

photo credit – AFP

People gather outside the embassy of Thailand to get visas in Yangon on February 16, 2024, after Myanmar’s military government said it would impose military service. (Photo by AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here