ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးရေတပ်တည်ဆောက်မယ့် သြစတြေးလျ

0
234

အာရှ-ပစိဖိတ်ဒေသမှာ လက်နက်ပြိုင်ဆိုင်မှု အရှိန်မြင့်လာနေစဉ် သြစတြေးလျက ၎င်းတို့ရဲ့ အဓိက စစ်သင်္ဘောတပ်စုကို နှစ်ဆတိုးမယ့် ၁၀ နှစ်စာအစီအမံနဲ့ ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၇ ဘီလီယံ ထပ်ဆောင်းတိုးမြှင့်မယ့် အစီအစဉ်ကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၀) မှာ အကြမ်းဖျဉ်း ထုတ်ပြန်ခဲ့ပါတယ်။     

ယင်းအစီအမံအရ သြစတြေးလျဟာ လက်ရှိ အဓိက စစ်သင်္ဘော ၁၁ စီးပိုင် ရေတပ်အဖြစ်ကနေ ရေပေါ် တိုက်ပွဲဝင်စစ်သင်္ဘော ၂၆ စင်းပိုင်ဆိုင်တဲ့ ရေတပ်ဖြစ်လာမယ်လို့ သိရပါတယ်။

“ဒါဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးဆုံး ရေတပ်သင်္ဘောစု ကျွန်တော်တို့ ရရှိလာမှာဖြစ်ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က ပြောဆိုပါတယ်။

ပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့က ပစ်ခတ်မှုစွမ်းရည်နဲ့ ပတ်သက်ပြီး အကြီးစားတည်ဆောက်မှုတွေလုပ်နေသလို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ သဘောထားတင်းမာသော အာဏာရှင်အစိုးရများအကြား ပြင်းထန်တဲ့ ထပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာချိန်မှာ အခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Hunter အတန်းအစား ဖရီးဂိတ်စစ်သင်္ဘော ၆ စင်း၊ အထွေထွေသုံး ဖရီးဂိတ် ၁၁ စင်းနဲ့ သင်္ဘောအမှုထမ်း မလိုအပ်တဲ့ ခေတ်မီ ရေယာဉ် ၆ စင်း သြစတြေးလျက တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရေတပ်သင်္ဘောစုရဲ့ သင်္ဘောအချို့မှာ ရန်သူ့နယ်မြေအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်း အစီအစဉ်အရ သြစတြေးလျဟာ နေတိုးမဟာမိတ်များက ချမှတ်ထားတဲ့ အသုံးစရိတ် ၂ ရာခိုင်နှုန်းထက် ကျော်လွန်ကာ ၎င်းတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂.၄ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here