မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်သတိပေး

0
237

ဘန်ကောက်၊ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်က သတိပေးစကားပြောကြားလိုက်‌သည်။

လူငယ်များအား ဧပြီလကစ၍ မဖြစ်မနေစစ်မှုထမ်းရန်ကြေငြာခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသားဦးရေသည် သိသိသာသာတိုးလာဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့ပြီး “နိုင်ငံထဲကို တရားဝင်ဝင်လာရင် ကြိုဆိုပါတယ်။ဒါပေမယ့် တရားမဝင် ခိုးဝင်လာတာမျိုးဆိုရင်တော့ ဥပဒေအရ အရေးယူသွားမှာပါ၊လုံခြုံရေးအေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားပြီးသားပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်းအခြေချသူများကြောင့် ပြည်တွင်းအလုပ်အကိုင်များလုယူခံရမည့် စိုးရိမ်မှုလျော့ပါးစေရန် ကြိုးပမ်းလျက်ရှိပြီး ထိုင်းနိုင်ငံသို့ လက်ရှိဝင်ရောက်လာနေကြသည့်အကြောင်းရင်းသည် မဖြစ်မနေစစ်မှုထမ်းရခြင်းမှရှောင်ရှားလိုခြင်းသာ ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏အလုပ်လက်မဲ့နှုန်းသည် လက်ရှိတွင် ၁ ရာခိုင်နှုန်းထက်နိမ့်နေပြီး အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများစွာလိုအပ်နေသေးသည်ဟုလည်းဆိုခဲ့သည်။

မြန်မာ့စစ်မှုမထမ်းမ‌နေရဥပဒေ၏အကျိုးဆက်အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူမြန်မာနိုင်ငံသားအရေအတွက် တိုးလာနိုင်သည်ဟုလည်း ဆရီထာ ကဆိုသည်။

စစ်မှုထမ်းရခြင်းမှရှောင်ရှားရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများပြသနာအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ပြီးခဲ့သည့် ကြာသပတေးနေ့ကစတင်ကာ တစ်ရက်လျှင် ဗီဇာလျှောက်လွှာ ၄၀၀ သာ လက်ခံမည်ဟုမြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကကြေငြာထားခဲ့သည်။

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးသွားရန်သက်သက်ဖြစ်ပါက ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ၁၄ ရက်အထိ ဝင်ရောက်နေထိုင်နိုင်သည်ဟုလည်း ထိုင်းသံရုံးကပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here