တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်နိုင်ရေး နစက ဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဆွေးနွေး

0
266

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေးဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ (၂၀) ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ခန်းမ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများအပြန်အလှန်သွားရောက်ခဲ့မှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရေး ဆက်လက်၍လည်း အပြန်အလှန်သွားရောက်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် မြန်မာ
ကျပ်ငွေနှင့် တရုတ်ယွမ်တို့အား တိုက်ရိုက်ပေးချေခြင်းကြောင့် ကုန်သွယ်မှုများ ပိုမိုအဆင်ပြေချောမွေ့ သည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိက အရေးပါသည့် ရထားလမ်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မော်တော်ကားလမ်းများ လမ်းပန်းဆက်သွယ်မှုချောမွေ့စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပန်းမန်စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်းထုတ်ပြန်ထားသည်။

ထို့အပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် ယူနန်ပြည်နယ်အနေဖြင့် နည်းပညာ အကူအညီများပေးအပ်သွားမည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here