ကျိုက်ထိုမြို့တွင် HYUNDAI MINI BUS မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

0
115

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် HYUNDAI MINI BUS မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် သတင်းအရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော် နှင့် နန္ဒထွန်း တို့လိုက်ပါလာသည့် HYUNDAI MINI BUS မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်း အား ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏နေအိမ်တွင် HYUNDAI GRACE မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်ကာ ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here