ဗြိတိန်နျူကလီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်၊ ရေငုပ်သင်္ဘောမှ ကိုက်အနည်းငယ်အကွာတွင် ရေထဲပြုတ်ကျ

0
131

ဖလော်ရီဒါ ကမ်းလွန်တွင် ဗြိတိန်တို့၏ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Trident 2 အမျိုးအစား ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခဲ့ပဲ၊ ပစ်လွှတ်သည့် ရေငုပ်သင်္ဘောမှ ကိုက်အနည်းငယ်အကွာ ရေထဲသို့ ပြုတ်ကျခဲ့သည်။ ယင်းသည် ဗြိတိန်နိုင်ငံ၏ Trident 2 ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများအတွင်း ဒုတိယအကြိမ်မြောက် မအောင်မြင်မှု ဖြစ်သည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော HMS Vanguard မှ အဆိုပါဒုံးကျည်ကို ပစ်လွှတ်ရာတွင်အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ပြီး “ပစ်လွှတ်မှု မအောင်မြင်ခြင်းမှာ သေချာကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်၊ သို့သော် ထိုသို့မအောင်မြင်ခြင်းကြောင့် အခြားသော ဘေးထွက်အကျိုးသက်ရောက်မှု မရှိကြောင်း သိရသည်။”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေငုပ်သင်္ဘောမှ ပစ်လွှတ်လိုက်သော Trident 2 ဒုံးကျည်နှင့် တိုက်ခိုက်ရေးထိပ်ဖူးအတုတို့သည် ဝေဟင်သို့ ခေတ္တမျှတက်သွားခဲ့သော်လည်း ဒုံးကျည်၏ ပထမအဆင့်တွန်းအားပေးစနစ် ရပ်တံ့သွားခဲ့သဖြင့် ဒုံးကျည်သည် သမုဒ္ဒရာထဲသို့ ပြုတ်ကျနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စမ်းသပ်ပစ်လွှတ်မှု အတွင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Grant Shapps သည် HMS Vanguard ရေငုပ်သင်္ဘောပေါ်တွင် ရှိနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခသည်။ ရေတပ်ဗိုလ်ချုပ်ကြီး Sir Ben Key လည်း HMS Vanguard ရေငုပ်သင်္ဘောပေါ်တွင် ရှိနေခဲ့သည်။

အဆိုပါ စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခြင်းသည် Trident ဒုံးပျံစနစ်များ၏ ယုံကြည်စိတ်ချရမှုအတွက် သက်ရောက်မှု မရှိကြောင်း နှင့် နျူကလီးယားလက်နက် ပစ်ခတ်နိုင်စွမ်းအပေါ်တွင်လည်း သက်ရောက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ အကယ်၍ လိုအပ်သည့်အခြေအနေများ ဖြစ်ပေါ်လာပါက ဗြိတိန်၏ နျူကလီးယားလက်နက်များအသုံးပြုမည်ဆိုပါလျှင်လည်း ယင်းတို့သည် လုံခြုံစိတ်ချရပြီး ထိရောက်မှု ရှိနေဆဲဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here