လူမှုဖူလုံရေး အကျုံးဝင် အာမခံ အမျိုးသမီးအလုပ်သမားများအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့

0
147

လူမှုဖူလုံရေးအကျုံးဝင် အာမခံအမျိုးသမီးအလုပ်သမား ၁၇၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ဖေဖေါ်ဝါရီ (၂၀) ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်စဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင် အာမခံအလုပ်သမားဦးရေ ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်သည် အမျိုးသမီးအာမခံ အလုပ်သမားများဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘဝတစ်သက်တာအတွင်း တွေ့ကြုံရသည့် အရေးကြီးကိစ္စဖြစ်သော မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုးကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာသည့် အကျိုး ခံစားခွင့်အမှုတွဲများကို အချိန်နှင့် တပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ငွေကျပ် သန်းပေါင်း ၆၂၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ လူမှုဖူလုံရေးအဖွဲ့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MOC လက်မှတ်ရေးထိုးပြီး မလေးရှားနိုင်ငံရောက် အာမခံထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားအများဆုံး သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (Social Security Organization) နှင့် အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန်အတွက်လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here