အပူချိန်တွေ ကျဆင်းနေတာကြောင့် တရုတ်မှာ ရာသီဥတုဆိုင်ရာ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထား

0
184

တရုတ်နိုင်ငံ တောင်ပိုင်းဒေသနဲ့ မြို့တော်ပေကျင်းမှာ ဆီးနှင်းထူထပ်စွာ ကျဆင်းနေပြီး အပူချိန်တွေ ထိုးကျနေတာကြောင့် တောင်ပိုင်းဒေသတစ်ဝန်းမှာ ဗုဒ္ဓဟူးနေ့က ရာသီဥတုဆိုင်ရာ အမြင့်ဆုံး သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

နိုင်ငံရဲ့ အဆင့်သုံးဆင့်ရှိ ရာသီဥတု သတိပေးချက်မှာ အမြင့်ဆုံးဖြစ်တဲ့ လိမ္မော်ရောင်အဆင့် သတိပေးချက်ကို အာဏာပိုင်တွေက အသစ်ထုတ်ပြန်လိုက်ပြီး တောင်ပိုင်းဒေသတစ်ဝန်း သောကြာနေ့မှာ ပျှမ်းမျှအပူချိန်တွေဟာ ၆ ဒီဂရီကနေ ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အချို့ဧရိယာတွေမှာ ပြဒါးဓါတ်ဟာ ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော် ကျဆင်းသွားနိုင်တယ်လို့ အမျိုးသား မိုးလေဝသစင်တာ(NMC) က ဆိုရှယ်မီဒီယာမှာ ပြောဆိုပါတယ်။

အအေးဓါတ်ပိုသော ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ NMC ဒေသဆိုင်ရာ အစိုးရတွေကို တိုက်တွန်းထားပြီး၊ ပြည်သူများ နွေးနွေးထွေးထွေး နေကြဖို့၊ ကောက်ပဲသီးနှံတွေနဲ့ ရေထွက်ပစ္စည်းတွေအတွက် အကာအကွယ်အစီအမံတွေ လုပ်ဆောင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။

မြို့တော် ပေကျင်းမှာ ဗုဒ္ဓဟူးနေ့က အပူချိန် ရေခဲမှတ်ဝန်းကျင် ရောက်ရှိခဲ့ပြီး တစ်ညလုံး ဆီးနှင်းများကျခဲ့တာကြောင့် ဒေသခံတွေဟာ မနက်အိပ်ယာထချိန်မှာ ဖြူဖွေးနေတဲ့ မြို့တော်တစ်ခွင်ကို မြင်တွေ့ခဲ့ကြရပါတယ်။

နှင်းတွေ ထူထပ်စွာဖုံးနေတဲ့ ပလက်ဖောင်းတွေကြောင့် ခရီးသွားသူတွေနဲ့ စက်ဘီးစီးသူတွေ အခက်အခဲကြုံခဲ့ရသလို မြို့ရဲ့ အဝေးပြေးလမ်းတွေပေါ်မှာလည်း ဆီးနှင်းတွေကြောင့် အသွားအလာတွေ တုန့်ဆိုင်းမှုဖြစ်ကာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here