ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်း ကြိုးပမ်းကြရန် လ.ဝ.က ဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား

0
151

လာမည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ (၂၁) ရက်၊ နံနက်ပိုင်းက ကျင်းပသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှ ပြုစုထားသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့် လူဦးရေစာရင်းကို ပြုစုမည်ဖြစ်သည့်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် e-ID Database ရှိ စာရင်းများကို အခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် လက်ရှိအသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပထမအကြိမ် ပေးပို့ထားပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဝန်ကြီးက ပြောကြားသည်။

မိမိတို့ ဝန်ကြီးဌာနသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်များကို ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ စာရွက်စာတမ်းမှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်း ကိုင်တွယ်ကြရန်နှင့် ဝန်ထမ်းအားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းဖြင့် တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here