ပြည်တွင်းဘိလပ်မြေစက်ရုံ (၁၉)ရုံ ရှိပြီး စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ဆွေးနွေး

0
207

ပြည်တွင်း ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး စက်မှုတွင်းထွက်ကုန်ကြမ်းများကို ထုတ်လုပ်မှု ဆောင်ရွက်ရန် ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုပေးထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝ လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၁)ရက်၊ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်စဉ် ပြည်ထောင်စု ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေစက်ရုံများအတွက် ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သည့် အဓိက ကုန်ကြမ်းများဖြစ်သော ထုံးကျောက်၊ ကျောက်မီးသွေး၊ ဂေါဒန်၊သံကြွပ်၊ဘောက်ဆိုက်၊ မြေစေး အစရှိသည့် စက်မှုတွင်းထွက်ကုန်ကြမ်းများကို ထုတ်လုပ်မှုဆောင်ရွက်ရန် ခွင့်ပြုပေးထားကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိလပ်မြေ စက်ရုံ (၁၉)ရုံ ရှိပြီး ဘိလပ်မြေစက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေးလိုအပ်သည့် သွင်းအားစုများ ရရှိရေးနှင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ကြမ်းများ၊ သွင်းအားစုများ၊စက်များကြံ့ခိုင်ကောင်းမွန်မှသာ စက်စွမ်းအားပြည့်လည်ပတ်နိုင်မည်ဖြစ်ရာ ပြည်တွင်းသုံးစွဲမှုအတွက် ကောင်းစွာလုံလောက်မှုရှိမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းမှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု အခြေအနေ၊ ဈေးကွက်အနေအထား၊ ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here