ပြည်တွင်းထုတ်ကုန် ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်စေ ဈေးကွက်အတွင်းသို့ ရောက်ရှိလာပါက စစ်ဆေးရမည်ဟုဆို

0
132

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည် ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်စေ ဈေးကွက်အတွင်းသို့ ရောက်ရှိလာပါက စစ်ဆေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ရုံးအမှတ် (၅၂) စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဥ် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပြီး စားသုံးသူများ အသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ASEAN နိုင်ငံများ၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိအောင် လေ့လာကြိုးပမ်းသွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောသည်။

စစ်ဆေးရေး အရာရှိများ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့ဌာနရှိ ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး စနစ်တကျစစ်ဆေးတတ်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား ၁၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here