နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အမေရိကန်လဆင်းယာဉ် လပေါ်ဆင်းသက်

0
272

အမေရိကန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အိုဒက်ဆီးယပ်စ် လဆင်းယာဉ်ဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်း လပေါ်ကို ပထမဆုံး ပြန်လည်ဆင်းသက်လာတဲ့ အမေရိကန် လဆင်းယာဉ်ဖြစ်လာခဲ့ပါတယ်။

အိုဒက်ဆီးယပ်စ် လဆင်းယာဉ်ကို အမေရိကန်ပြည်ထောင်စုက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Intuitive Machines က ပြုလုပ်ထားတာဖြစ်ပြီး၊ လမျက်နှာပြင်ပေါ်ကို ကြာသပတေးနေ့ အမေရိကန်စံတော်ချိန် ညနေ ၆နာရီ ၂၃ မိနစ်(UTC 23:23)မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။

“ဒီနေ့ဟာ ရာစုနှစ်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုဟာ လကမ္ဘာကို ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ဟာ NASA ပုဂ္ဂလိကကုမ္ပဏီတွေ ရဲ့ စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှု စွမ်းအားနဲ့ ကတိကဝတ်တွေကို ပြသလိုက်တဲ့ နေ့တစ်နေ့ပါ။ ဒီကြီးကျယ်ခမ်းနားပြီး ရဲရင့်တဲ့ စူးစမ်းလေ့လာမှုမှာ ပါဝင်သူအားလုံးကို ဂုဏ်ယူပါတယ်”လို့ အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆန်က ပြောကြားခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှ အမေရိကန်က လပေါ်ကိုစေလွှတ်ခဲ့တဲ့ အပိုလို ၁၇ မစ်ရှင်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုဟာ လပေါ်ဆင်းသက်တဲ့ အာကာသယာဉ်တွေ ထပ်မံလွှတ်တင်ခြင်းမရှိခဲ့ပါဘူး။ အခု လပေါ်ကို အောင်မြင်စွာဆင်းသက်ခဲ့တဲ့ အိုဒက်ဆီးယပ်စ် လဆင်းယာဉ်ဟာလဲ လူမဲ့ လဆင်းယာဉ်တစ်စင်းသာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here