အမေရိကန်-တောင်ကိုရီးယား ဒုံးကျည် ကြားဖြတ်ချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

0
159

သောကြာနေ့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ဒုံးကျည် ကြားဖြတ်ချေမှုန်းရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် ဝေဟင်မှာ နှစ်နိုင်ငံ ခေတ်မီ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က ပြောဆိုပါတယ်။ ဒါဟာ ယခုနှစ်အတွင်း ပြိုင်ဘက်မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ အရှိန်အဟုန်မြှင့်လုပ်ခဲ့မှုအပေါ် သိသာပေါ်လွင်တဲ့ တုန့်ပြန်ဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှု ခြောက်ကြိမ်တိုင် ပြုလုပ်ထားပြီးခဲ့ရာမှာ ရန်သူ့ ဒုံးကာကွယ်ရေးစနစ်တွေကို ဖြတ်ကျော်သွားနိုင်မယ့် ပုံမှန်အားဖြင့် အနိမ့်ပျံ ခရုဇ်ဒုံးကျည်စမ်းသပ်မှုတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခပေါ်ပေါက်လာချိန်မျိုးမှာ မြောက်ကိုရီးယားဟာ အမေရိကန် လေယာဉ်တင်သင်္ဘောတွေနဲ့ ဂျပန်ရှိ အမေရိကန် စစ်စခန်းတွေကို ခရုဇ်ဒုံးကျည်တွေသုံး တိုက်ခိုက်ဖို့ ရည်မှန်းတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သောကြာနေ့က စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံလုံးမှ ပဉ္စမမြောက်မျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် F-35A တွေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အခြား တိုက်လေယာဉ်အမျိုးအစားတွေ ပါဝင်ခဲ့တယ်လို့ တောင်ကိုရီးယားလေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါရှိ Kadena လေတပ်စခန်းမှ အမေရိကန် F-35A တိုက်လေယာဉ်တွေ ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားမှာ ရောက်ရှိတပ်ဖြန့်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ကစလို့ ၎င်းရဲ့ လက်နက်စမ်းသပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားက အနာဂတ် သံခင်းတမန်ခင်းမှာ သြဇာလွှမ်းမိုးမှု တိုးမြှင့်ရေး ကြိုးပမ်းချက်တစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

ဒီအပေါ် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ၎င်းတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တိုးချဲ့လုပ်ဆောင်ခြင်း၊ ဂျပန်ပါဝင်တဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခြင်းတို့နဲ့ တုန့်ပြန်ခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here