မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ရွှေတိဂုံစေတီတော် အရှေ့ဖက်အောက်ပစ္စယံရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့

0
104

(၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၃) ရက်တွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်အောက်ပစ္စယံရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓေဝယျာဝစ္စ အသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဌာနများအပါအဝင် ပြိုင်ပွဲဝင်အသင်းပေါင်း (၂၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

လျှပ်စစ်နှင့်ရေသန့်ဌာနမှ ပထမဆုရရှိခဲ့ပြီး ဆုငွေကျပ်(၁၀) သိန်း၊ဒုတိယဆုရရှိသည့် ရွှေလင်းအောင်ရွှေချအဖွဲ့ကို ကျပ် (၇)သိန်း၊ တတိယ ဆုရရှိသည့် လုံခြုံမီးသတ်ဌာနကို ကျပ် (၆)သိန်း၊ စတုတ္တဆုရရှိသည့် ဝန်ထမ်းရေးရာနှင့် မှတ်တမ်းဌာနကို ကျပ်(၅)သိန်း၊ ပဉ္စမဆုရရှိသည့် ဗဟိုသိုလှောင်ရေးဌာနနှင့် ပြတိုက်ပြခန်းဌာနကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ဘဏ္ဍာရေးဌာန၊ မေတ္တာပါရမီအသင်းနှင့် လုပ်ငန်းမြို့ပြဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ယနေ့ (တပို့တွဲ လပြည့်နေ့) တွင် မြတ်စွာဘုရားနှင့် သဃာ့တော်များအားအရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော် ၆၄ ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနစ်ရက်သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ပညာရှင်များ၊အကဲဖြတ်အမှတ်ပေးဒိုင်းလူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here