စစ်အင်ဂျင်နီယာများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးရသူများ ဖြစ်အောင်ကြိုးစားကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှာကြား

0
180

တပ်မတော် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အင်ဂျင်နီယာဆိုင်ရာ နည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောင်ကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်စေရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ (၂၄) ရက်တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်ခဲ့ရာမှ လက်ရှိအချိန်တွင် နိုင်ငံတကာအဆင့်မီသည့် စစ်လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ်ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော် အနေဖြင့် နိုင်ငံတော်အတွင်း သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်မဆိုင်းဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့် အင်တိုက် အားတိုက် ပါဝင်ကူညီလျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များသည် နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသည့်တာဝန်များအပေါ်ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်ကိုလည်း (၇၅)နှစ်တာခရီးမှာ အကြိမ်ကြိမ် သက်သေပြခဲ့ကြပြီးဖြစ်ပြီး စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းတာဝန်ယူ ထိန်းသိမ်းသွားကြပြီး အနာဂတ်မျိုးဆက်သစ်စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေအဖြစ် လက်ဆင့်ကမ်း ပေးအပ်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တပ်ဖွဲ့နေ့အဖြစ်စတင်သတ်မှတ်ခဲ့သည့်နေ့မှ ယနေ့စိန်ရတုကာလအထိ သူရ မချစ်ပို အပါအဝင်“သူရဘွဲ့” ချီးမြှင့် ခံရသူ ၅ ဦး၊ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ချီးမြှင့်ခံရသူ ၁၃၆ဦး၊ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်” ချီးမြှင့် ခံရသူ ၅၇ ဦး၊“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်” ချီးမြှင့်ခံရသူ
၁၀၃ ဦးနှင့် “တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်” ချီးမြှင့်ခံရသူ ၂၄ ဦးအထိ ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာ တာဝန်များမှာ ထူးချွန်စွာစီမံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဘွဲ့” ဖြစ်သည့် စည်သူဘွဲ့ နှင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး၊ သီရိပျံချီဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး ၊ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး စုစုပေါင်း ၁၁ ဦးနှင့် “စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်” ဖြစ်သည့် စီမံထူးချွန်တံဆိပ်(ပထမ)ဆင့် ၈ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ၁၆ ဦး၊ စီမံထူးချွန်တံဆိပ်(တတိယ)ဆင့် ၂၃ ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယ)ဆင့် ၁ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယ)ဆင့် ၁ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယ)ဆင့် ၄ ဦး၊ နည်းပညာ ထူးချွန်တံဆိပ်(ဒုတိယ) ဆင့် ၃ ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယ)ဆင့် ၇ ဦး၊ စုစုပေါင်း ၆၃ ဦးအထိ ထိုက်တန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here