ပြည်ပထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာများအပြင် ပြင်ပရှိဘဏ်ကောင်တာများတွင်လည်း ရောင်းချပေးနေဟုဆို

0
174

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာများအပြင် ပြင်ပရှိဘဏ်ကောင်တာများတွင်လည်းရောင်းချပေးလျက်ရှိကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်း‌ချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်မှ) နေ့စဉ် အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ လေဆိပ်ကောင်တာများအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့် ဘဏ်ကောင်တာများမှာ (CB Bank PCL ၊ မြန် မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမတက်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက် ၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် ‌ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်ဘဏ်များတွင်လည်းဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား (၇) မျိုး(အမေရိကန်ဒေါ်လာ၊ ယူရို၊စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း) တို့အားပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card ) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေး ဈေးကွက်အတွင်းလွယ်ကူစွာဝယ်ယူနိုင်ရန်နှင့်တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာမည့်သူများအနက် ဘုရားဖူးထွက်ခွာသူများ ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတတ်ရောက်ရန် ထွက်ခွာသူများအား ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍လည်းကောင်းတစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here