ကိုလံဘီယာက ၁၈ ရာစု သင်္ဘောပျက်မှ အဖိုးတန် ရတနာပစ္စည်းများ ပြန်ဆယ်ယူမည်

0
144

ရွှေ၊ ငွေနဲ့ မြ ရတနာပစ္စည်းတွေကို တင်ဆောင်လာရင်း ၁၇၀၈ ခုနှစ်မှာ နစ်-မြုပ်သွားခဲ့တဲ့ ဂန္တဝင် San Jose ရွက်သင်္ဘောပျက်ကြီးမှ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေကို ပြန်ဆယ်ယူသွားမယ်လို့ ကိုလံဘီယာ အစိုးရက ကြေညာလိုက်ပါတယ်။

ကိုလံဘီယာ ကမ်းလွန်မှာ သင်္ဘောပျက်ကို ရှာတွေ့ခဲ့အပြီး ၇ နှစ်အကြာမှာ ဒေါ်လာ ဘီလီယံများစွာ အဖိုးထိုက်တဲ့ ပစ္စည်းတွေကို ပြန်ဆယ်ယူဖို့ ရေအောက်စက်ရုပ်တစ်ခုကို စေလွှတ်မှာဖြစ်ကြောင်း ကိုလံဘီယာ ယဉ်ကျေးမှုဝန်ကြီး ဂျူအန် ဒေးဗစ် ကော်ရီယာက ပြောဆိုပါတယ်။

ပစ္စည်းတွေ ရေပေါ်ရောက်လာတဲ့အခါ ပုံပန်းသဏ္ဍာန်အခြေအနေ ဘယ်လိုဖြစ်ပျက်သွားမလဲဆိုတာ သိရှိနိုင်ဖို့နဲ့ ကျန်ရှိ ရတနာပစ္စည်းတွေ ဆယ်ယူရေးအတွက် မိမိတို့ လုပ်နိုင်တဲ့အနေအထားကို သိရှိဖို့ရာ ဧပြီလနဲ့ မေလကြားလောက်မှာ ရွက်သင်္ဘောအပြင်ပိုင်းက အရာဝတ္ထုပစ္စည်းတွေကို စက်ရုပ်က ဆွဲထုတ်ယူသွားမှာဖြစ်တယ်လို့ မစ္စတာ ကော်ရီယာက ပြောဆိုပါတယ်။

ဒီလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၄.၅ သန်းကျော် ကုန်ကျမှာဖြစ်ပြီး စက်ရုပ်ဟာ သင်္ဘောပျက်ကို ထိခိုက်ပျက်စီးစေခြင်း မရှိဘဲ အနက် မီတာ ၆၀၀ ခန့်မှာ ကြွေထည်တွေ၊ သစ်သားအပိုင်းအစတွေနဲ့ အခွံအကာတွေကို ဖယ်ရှားသွားမှာဖြစ်တယ်လို့လည်း မစ္စတာ ကော်ရီယာက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ရေထဲရောက်နေတာ သုံးရာစုကြာပြီဖြစ်တာကြောင့် သင်္ဘောပျက်ပေါ်က အရာဝတ္ထု့ပစ္စည်းအများစုဟာ ရုပ်ပိုင်း၊ ဓါတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိနေခဲ့ပြီဖြစ်ပြီး ယင်းတို့ကို ရေပေါ်သယ်ထုတ်ချိန်မှာ ပြိုကွဲမှုတွေဖြစ်နိုင်တယ်လို့ ရေတပ် သုတေသီ ကပ္ပတိန် အလက်ဇန္ဒြားချာဒစ်က ပြောဆိုပါတယ်။

သမိုင်းမှာ အကြီးကျယ်ဆုံးသော ရှေးဟောင်းသုတေသနဆိုင်ရာတွေ့ရှိမှုလို့ ယူဆနိုင်တဲ့အတွက် ရတနာမုဆိုးတွေရန်က ကာကွယ်ဖို့ရာ ရှာဖွေရေးလုပ်ငန်းစဉ် တည်နေရာကိုတော့ လျှို့ဝှက်ထားတယ်လို့ ဆိုပါတယ်။

စပိန်ဘုရင်ပိုင် San Jose ရွက်သင်္ဘောကြီးဟာ ဗြိတိသျှရေတပ်ရဲ့ တိုက်ခိုက်နှစ်-မြုပ်ခြင်းခံခဲ့ရပြီး သင်္ဘောပေါ်ပါ ရေတပ်သင်္ဘောသား ၆၀၀ အနက် လက်တစ်ဆုပ်စာ အရေအတွက်လောက်သာ အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောဟာ New World ကနေ စပိန်ဘုရင့်နန်းတော်ဆီ ပြန်ထွက်ခွာလာတာဖြစ်ပြီး သင်္ဘောပေါ်မှာ မြသတ္တောတွေနဲ့ ရွှေဒင်္ဂါး တန် ၂၀၀ ခန့် အပါအဝင် ရတနာပစ္စည်းတွေ တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ယင်း နစ်-မြုပ်သင်္ဘောကြီးကို စွန့်စားရှာဖွေသူများက နှစ်ပေါင်းများစွာ ရှာဖွေမှုတွေလုပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ကိုလံဘီယာအစိုးရက ကြေညာခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here