ဝါရှင်တန်ရှိ အစ္စရေး သံရုံးရှေ့မှာ အမေရိကန်လေတပ်သားတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့မှုဖြစ်ပွား

0
185

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ တနင်္ဂနွေနေ့က တာဝန်ချိန်တွင်အမေရိကန်လေတပ်သားတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့ခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ယင်း လေတပ်သားဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီလောက်က ကိုယ့်ကိုကိုယ် မီးရှို့ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို အမေရိန် လျှို့ဝှက်ထောက်လှမ်းရေးနဲ့ မြို့တော်ရဲဋ္ဌာနတို့က တုန့်ပြန်ဆောင်ရွက်မှုလုပ်ခဲ့ကြတယ်လို့ ယင်း ဋ္ဌာနတွေက ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်အတွင်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ကြောင်းနဲ့ ကိုယ့်ကိုကိုယ် မီးရှို့ခဲ့သူကို သံရုံးက သိရှိခြင်းမရှိကြောင်း အစ္စရေးသံရုံးက CBS News သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် မီးရှို့ခဲ့သူနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သင်္ကာမကင်းရှိတဲ့ ကားတစ်စီးကို မြို့တော်ရဲဋ္ဌာနက စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပေမယ့် ဒီကားဟာ ဖြစ်စဉ်နဲ့ ပတ်သက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ Twitch ပေါ်မှာ တိုက်ရိုက်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုအတွင်း သူဟာ အမေရိကန်လေတပ်က တာဝန်ချိန်တွင်း တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ယင်း အမျိုးသားက ပြောဆိုထားခဲ့ပါတယ်။ ဒါကို လေတပ်က အတည်ပြုခဲ့ပေမယ့် လေတပ်သားရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ ထုတ်ပြောခြင်း မရှိပါဘူး။

အမျိုးသားဟာ သူ့ကိုယ်သူ မီးမရှို့ခင်မှာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်တော့မှာ မဟုတ်ဘဲ ပြင်းထန်တဲ့ ဆန္ဒပြမှုမှာ ပါဝင်သွားမှာဖြစ်ကြောင်း ပြောဆိုကာ ကိုယ့်ကိုကိုယ် မီးရှို့ခဲ့ပြီးနောက် “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ အကြိမ်ကြိမ် ကြွေးကြော်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးနဲ့ မြို့တော်ရဲဋ္ဌာနတို့ကတော့ လေတပ်သားရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ပတ်သက်လို့ ထုတ်ဖော်ခြင်း မပြုသလို ဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

CBS News


LEAVE A REPLY

Please enter your comment!
Please enter your name here