နိုင်ငံခြားငွေ ကိုင်ဆောင်ဈေးကစားသူများအား အရေးယူမည်

0
309

မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် သတင်းမှားများဖြင့် ငွေကြေးဈေးကွက်ကို ကမောက်ကမ ဖြစ်အောင်လုပ်နေသူများရှိ

ဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ ဖေဖေါ်ဝါရီ (၂၆) ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်တွင်း၌ နေထိုင်သည့် နိုင်ငံသားများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို(၆)လ အတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ယင်းအချက်အား တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

အဆိုပါ ညွှန်ကြားချက်မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၀) နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် (၁၅) တို့အရ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးနှင့် ဒေါ် လာဈေးများလည်းမြင့်တက်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး အဆိုပါသတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမ ဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမ လောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/- ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here