မဲခေါင် – လန်ချန်း အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်မည့် ကန်ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို မြန်မာနိုင်ငံ လက်ခံရရှိထား

0
185

စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန် ဒေါ်လာ (၃၁) သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို ယနေ့အထိ လက်ခံရရှိထားပြီးဖြစ်ကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်တစ်ခုဖြစ်ပြီး ဒေသတွင်း ကုန်သွယ်မှုအခွင့်
အလမ်းသစ်များကို ဖန်တီး၍ စီးပွားရေးပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲမှရရှိသည့် ဗဟုသုတများနှင့် အတွေ့အကြုံများကို အသုံးပြု၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆော င်ရွက်မှုသဘောတူစာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အစိုးရအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းလိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က  RCEP အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုသည် သဘောတူစာချုပ် အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၃ ခုနှစ်တွင် ယွမ် ၁၂ ဒသမ ၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၆ ဒသမ ၄၁ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်တစ်ခုဖြစ်ကြောင်း၊ RCEP သဘောတူစာချုပ်တွင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး၊ မူပိုင်ခွင့်၊ အစိုးရဝယ်ယူမှု၊ ယှဉ်ပြိုင်မှု၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းအသစ်များ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here