ကလေးများအတွက် စတုတ္ထအကြိမ်မြောက် အရှေ့တောင်အာရှဗီဒီယိုပွဲတော် ကျင်းပမည်

0
134

ကလေးများအတွက် အရှေ့တောင်အာရှ ဗီဒီယိုပွဲတော် တည်ထောင်သူ ဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့် အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ တွေ့ဆုံ၍ စတုတ္ထအကြိမ်မြောက် အရှေ့တောင်အာရှဗီဒီယိုပွဲတော် ကျင်းပနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂၆) ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံကာ စတုတ္ထအကြိမ် SEAVFC ကျင်းပရေး အပါအဝင် လူငယ်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

SEAVFC ပွဲတော်၏ ပထမနှင့် ဒုတိယအကြိမ်များကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ၍ တတိယအကြိမ်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ် – ၁၉ ကြောင့် ပွဲတော်ကျင်းပမှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

စတုတ္ထ အကြိမ်အရှေ့တောင်အာရှဗီဒီယို ပွဲတော်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း Ms. ELVIRA YAP Go နှင့် အဖွဲ့က ဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

ကလေးများအတွက် အရှေ့တောင်အာရှပွဲတော် (SEAVFC) ကို ၂၀၁၇ ခုနှစ်မှစ၍ သုံးကြိမ် ကျင်းပခဲ့ရာ ပြိုင်ပွဲတိုင်းတွင် မြန်မာနိုင်ငံမှ ဆုများရရှိခဲ့ကြောင်းလည်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ပညာရှင်အဆင့် ပြိုင်ပွဲ၌ ဒါရိုက်တာ ကျော်နှင်းဆီ၏ May The Fragrance of Thanakha Last (သနပ်ခါးရနံ့လေး အစဉ်မွှေးစေလို) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဗီဒီယိုဇာတ်လမ်းဖြင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်က အသက် (၉) နှစ်မှ (၁၂) နှစ် ဝါသနာရှင်အဆင့်တွင် မစုလင်းလဲ့က Everyday Heores ဗီဒီယိုဇာတ်လမ်းတိုနှင့် အသက် (၁၃) နှစ်မှ (၁၆) နှစ် ဝါသနာရှင်အဆင့်တွင် မစုလတ်ရွှေရည်ဇော်က Smile ဗီဒီယို ဇာတ်လမ်းတိုတို့ဖြင့်လည်း ကောင်း၊ ၂၀၁၉ ခုနှစ်က အသက် (၉) နှစ်မှ (၁၂) နှစ် ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် မောင်အာကာမင်းခန့်ကလည်းကောင်း ဆုများရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here