မွန်ပြည်နယ်အတွင်း ဝဥများ အဆင့်မြှင့်တင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေး

0
122

မွန်ပြည်နယ်အတွင်း ဝဥများအား အဆင့်မြှင့်တင်ကာ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Mon AgroTech Co.,Ltd တို့ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၆)ရက်၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်အတွင်း ပြည်ပဈေးကွက် အလားအလာရှိပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက်လည်း အကျိုးအမြတ်ရှိတဲ့ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အဖက်ဖက်မှ ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့အပြင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့ဒေသနှင့် ကိုက်ညီသည့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ကြရန်လိုကြောင်းလည်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

ပြည်ပသွင်းကုန်ပမာဏကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်ပမာဏကို တိုးမြှင့်ဖို့လိုအပ်သလို ထွက်ရှိလာတဲ့ ဒေသထွက်ကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန်စွာနှင့် ဒေသတွင်း ဈေးကွက်မှာလည်း ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးရောင်းချနိုင်ရန် ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

ပြည်နယ်၏ အမယ်သစ်သီးနှံဝဥ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအားပေးခြင်းဖြင့် ဝဥ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့နောက် Mon AgroTech Co.,Ltd တာဝန်ရှိသူက မွန်ပြည်နယ်အတွင်း အဆင့်မြင့်ဝဥများ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here