နျူလက်နက်တွေ “စထုတ် မသုံးရေး” စာချုပ်အတွက် နျူအင်အားအကြီးဆုံးနိုင်ငံတွေ ညှိနှိုင်းဆွေးနွေးကြဖို့ တရုတ် တိုက်တွန်း

0
162

နျူလက်နက်ထိပ်ဖူး အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ တစ်ဦးအပေါ်တစ်ဦး လက်နက်တွေ စထုတ်မသုံးရေး စာချုပ်တစ်ခုအတွက် ညှိနှိုင်းဆွေးနွေးသင့်ကြောင်းနဲ့ သို့မဟုတ်ပါက ယင်းကိစ္စအတွက် နိုင်ငံရေးအရ ကြေညာချက်ထုတ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ လက်နက်ထိန်းချုပ်ရေးဋ္ဌာနက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကွန်ဖရင့်အရ နျူလက်နက်နိုင်ငံတွေအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အထူးနဲ့ ဦးစားပေး တာဝန်များအပေါ် ကျေပွန်ကြဖို့ အထက်ပါ ဋ္ဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး Sun Xiaobo က တောင်းဆိုခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၈) မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တနင်္လာနေ့က ဂျီနီဗာမှာပြုလုပ်တဲ့ ကုလလက်နက်ဖျက်သိမ်းရေး ဖိုရမ်ရဲ့ အပတ်စဉ် အစည်းအဝေးအတွင်း နျူလက်နက်ကင်းမဲ့နိုင်ငံတွေအပေါ် နျူကလီးယားလက်နက်တွေရဲ့ ခြိမ်းခြောက်မှုကနေ အကာအကွယ်ပေးမယ့် နိုင်ငံတကာဥပဒေတစ်ခုအတွက် လမ်းပြမြေပုံ သို့မဟုတ် အချိန်ဇယားတစ်ခု ကုလသမဂ္ဂအနေနဲ့ သတ်မှတ်သင့်တယ်လို့လည်း Sun က ပြောဆိုသွားပါတယ်။

လက်ရှိမှာ နျူကလီးယားလက်နက်ပိုင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံသာ လက်နက်တွေ စထုတ်မသုံးရေးမူဝါဒကို တရားဝင်ထိန်းသိမ်းထားကြတာဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့ နျူလက်နက်အင်အားအကြီးဆုံး နိုင်ငံတွေဖြစ်ကြပါတယ်။

Source:usnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here